အီရန်သမ္မတ ရိုင်စီ ပါကစ္စတန်နိုင်ငံသို့ သုံးရက်ကြာ သွားရောက်မည်

 

အစ္စလာမ္မာဘတ် ဧပြီ ၂၁

အီရန်သမ္မတ အီဘရာဟင်ရိုင်စီသည် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ပါကစ္စတန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၁ ရက်တွင် ပြောကြားသည်။

အီရန်သမ္မတ ရိုင်စီသည် ပါကစ္စတန်နိုင်ငံသို့အလည်အပတ် သွားရောက်မည့် သုံးရက်ကြာခရီးစဉ်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ပါဝင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၊ အခြားအစိုးရအဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိများနှင့်  စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့နှင့်အတူ  သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

အီရန်သမ္မတက ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ရှာရက်ဖ်၊ သမ္မတ အာဆစ်အလီဇာဒါရီနှင့် အခြားခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နှစ်ဖက်ခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ပါကစ္စတန်-အီရန် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။

ဆင်ဟွာ