အီရန်ရေယာဉ်များကို စစ်ဆေးရန် ကုလလုံခြုံရေးကောင်စီကို ပွန်ပီယို တိုက်တွန်း

ဒုံးကျည်နှင့်ဆက်စပ်သည့်ပစ္စည်းများ ပို့ဆောင်မှုကို တားဆီးရန်အတွက် အီရန်သင်္ဘောများကို စစ်ဆေးခွင့်ပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တိုက်တွန်းလိုက်သည်။

အီရန်နိုင်ငံသည် ဒီဇင်ဘာလ ၁ရက်နေ့တွင် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်စွမ်းရှိသော တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ခြင်းဖြင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခဲ့ကြောင်း ပွန်ပီယိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် နျူသဘောတူညီချက်ရရှိပြီးနောက်ပိုင်း အီရန်နိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ချက်မှာ လျော့နည်းသွားခြင်းမရှိသည့်အပြင် အီရန်နိုင်ငံ၌ ဒေသတွင်းကိုခြိမ်းခြောက်နေသော ရာနှင့်ချီသည့်ဒုံးကျည်များရှိကြောင်း ၎င်းက ပြောကြားသည်။ 

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအနက် ၁၁ နိုင်ငံက အီရန်နိုင်ငံ၏လုပ်ရပ်များကို စိုးရိမ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း တရုတ်နှင့်ရုရှားတို့က အီရန်ဒုံးကျည်များက နျူကလီးယား လက်နက်များ ပို့ဆောင်နိုင်စွမ်းရှိသည်ဆိုသော အထောက်အထားမရှိကြောင်း ပြောဆိုခဲ့သည်။

ထိုအပြင် အီရန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ အကြမ်းဖက်သမားများထံသို့  ဒုံးကျည် နည်းပညာများကို လွှဲပြောင်းရန် ကြိုးစားနေကြောင်း ပွန်ပီယိုက စွပ်စွဲခဲ့သည်။ ဆိပ်ကမ်းများနှင့် ပင်လယ်ပြင်အတွင်း စစ်ဆေးမှုနှင့် တားမြစ်ပိတ်ပင်သည့်  အစီအမံများ အကောင်အထည်ဖော်ဆောင်ရန် ၎င်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တောင်းဆိုလိုက်သည်။

အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်မှာ ပြည်ပခြိမ်းခြောက်မှုများကို တားဆီးရန်လိုအပ်သော သမားရိုးကျထိပ်ဖူး များ ပို့ဆောင်နိုင်ရန်သည့်  ပုံစံထုတ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန် အတ်ရှက်အယ်လ်ဟာဘစ်က အစည်းအဝေးသို့ ပြောကြားသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်