အီရန်နိုင်ငံအပေါ် ပူးတွဲကြေညာချက်တစ်ရပ်ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

နယူးယောက် ၂၄ စက်တင်ဘာ

ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့သည် စက်တင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ဆော်ဒီရေနံချက်စက်ရုံ နှစ်ခုတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အီရန်နိုင်ငံအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပြီး အီရန်နိုင်ငံအနေဖြင့် နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုများကို လက်ခံရန် စက်တင်ဘာ ၂၃ ရက်က တိုက်တွန်းခဲ့ကြသည်။

ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့သည် ဆော်ဒီရေနံချက်စက်ရုံ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အတောအတွင်း ၎င်းတို့၏ သီးသန့်တွေ့ဆုံပွဲအပြီး ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်၌ အီရန်နိုင်ငံ ပါဝင်ပတ်သက်နေသည် ဟူသော အချက်ကလွဲလျှင် အခြားရှင်းလင်းချက်မရှိကြောင်း အဆိုပါပူးတွဲထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အီရန်ကျောထောက်နောက်ခံပြုသော ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွအုပ်စုက ဆော်ဒီရေနံချက်စက်ရုံ တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့သည် အီရန်ကို ပြစ်တင်စွပ်စွဲလျက်ရှိပြီး ၎င်းတို့အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ရေနံချက်စက်ရုံများအပေါ် တိုက်ခိုက်မှုသည် ဆော်ဒီနိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက်မှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နိုင်ငံတကာကို စိုးရိမ်ပူပန်စေခဲ့သလို ဒေသတွင်း ဖြစ်ပွားလာနိုင်ဖွယ်ရှိသော စစ်ပွဲအန္တရာယ်ကိုလည်း ပို၍အရှိန်မြင့်မားစေခဲ့ကြောင်း ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်ခေါင်းဆောင်များက ပြောဆိုခဲ့ကြသည်။

ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အာမခံချက်ပေးရန် စုပေါင်းကြိုးပမ်း အားထုတ်မှုက အရေးကြီးသောကြောင့် အီရန်အနေဖြင့် နျူကလီးယားဆွေးနွေးမှုကို လက်သင့်ခံရန် အချိန်တန်နေပြီဆိုသည့် မိမိတို့၏သဘောထားကို ထပ်တလဲလဲ ပြောဆိုနေခြင်းဖြစ်ကြောင်း ခေါင်းဆောင်သုံးဦးက ထပ်လောင်းပြောဆိုခဲ့ကြသည်။

သို့ရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျဗတ် ဇာရစ်ဖ်က ဥရောပသုံးနိုင်ငံတို့သည် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် အီရန်နျူကလီးယား သဘောတူစာချုပ်အပေါ် ၎င်းတို့၏ ကတိကဝတ်ပြုမှုများကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-ဂျေတီ