အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလေးထားဆောင်ရွက်ရန်လို

၂၈ မေ
 

 

ယခုတလောတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသတင်းများ ပိုပိုကြားသိလာကြရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း လွှတ်တော်မှ အတည်ပြုခဲ့ပြီ ဖြစ်သည့်အတွက် ကျော်စောသတင်းရှိသူများကိုပါ စစ်ဆေးမှုများ ပြုလုပ်လာနိုင်တော့မည်ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စစ်ဆေးဆဲအမှုများကို ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထား ရှိကာ ဆောင်ရွက်နေကြောင်း မေလ ၁၃ ရက်နေ့က ထုတ်ပြန်ချက်တွင် တွေ့ရှိရပေသည်။

 

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဇန်နဝါရီလ ၂၃ရက်နေ့က “အဂတိလိုက်စားမှု တွန်းလှန်ဖို့ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” ဆိုသည့် ဦးတည်ချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ကြားဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)တို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုစာတမ်းဖတ်ပွဲ၏ အောင်မြင်မှု အကျိုးသက်ရောက်မှုများကို အခြေခံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စနစ်တကျဆောင်ရွက်သွားမည့်အပြင် ၂၀၁၈ ခုနှစ်လုပ်ငန်းစီမံချက်ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၈)တွင် ဖော်ပြခဲ့သည်။

 

ဧပြီလ ၁၁ ရက်နေ့က သမ္မတအိမ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်များကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ် မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုကြောင်း လမ်းòန်ပြောကြားခဲ့သည်ကို တွေ့ရသည်။ မတ်လ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပထမဆုံးပြောကြားသည့် သမ္မတမိန့်ခွန်း တွင်လည်း “အဂတိလိုက်စားမှုများကိုလည်း ထိထိရောက်ရောက် ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်”ဟု ထည့်သွင်း ပြောကြားခဲ့ပြီးလည်း ဖြစ်ပါသည်။

 

ယနေ့ကာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကမ္ဘာ့နေရာအနှံ့အပြားနှင့် အိမ်နီးချင်း နိုင်ငံများတွင်ပါ ကြားသိနေရသည်။ တရုတ်ပြည်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကကျင်းပသော (၁၉) ကြိမ်မြောက်ပါတီကွန်ဂရက်မတိုင်မီ ၅ နှစ်တာကာလအတွင်း အဂတိလိုက်စားမှုများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ရာ ဗဟိုကော်မတီနှင့် အထက်ဆင့်ပုဂ္ဂိုလ် ၄၀ဝ ခန့်နှင့် အောက်ခြေပါတီကေဒါ၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း၁ သန်းကျော် အပြစ်ပေးအရေးယူခဲ့သည်။ ၎င်းတို့ထံမှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိပစ္စည်း ငွေတန်ဖိုး ၁ ဒသမ ၂၅ ဘီလီယံဒေါ်လာခန့်ရှိသည်ဟု ဆိုပါသည်။ ယခုရက်ပိုင်းအတွင်းမှာပင် မလေးရှားနိုင်ငံမှ ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော သမ္မတဟောင်းနာဂျစ်၏ နေအိမ်များကို ဝင်ရောက်ရှာဖွေရာမှ ဒေါ်လာသန်း ၃၀ နီးပါး ငွေသားများနှင့် တန်ဖိုးကြီးလက်ကိုင်အိတ်အလုံး ၄၀ဝ ကျော် သိမ်းဆည်းရမိခဲ့သည်။ ၎င်းသည် ဝန်ကြီးချုပ်ရာထူးတွင်ရှိစဉ်က သူ၏ဘဏ်စာရင်းသို့ ဝင်ရောက်လာသောဒေါ်လာသန်း ၇၀ဝ ကိစ္စကို လူထုကျေနပ်အောင် ရှင်းပြနိုင်ခြင်းမရှိခဲ့ပေ။ ဆော်ဒီအာရေဗျတွင် အိမ်ရှေ့မင်းသားက အခြားထိပ်တန်း မင်းညီမင်းသားများနှင့် လုပ်ငန်းရှင်များအား ထိန်းသိမ်းထားပြီး နိုင်ငံတော်ထံမှ မတရားရယူထားသော ငွေကြေးများကို ဖော်ထုတ်ခဲ့ရာ ဒေါ်လာဘီလီယံ ၂၅၀ ခန့် ပြန်လည်ရရှိခဲ့သည်ဟု ဆိုပါသည်။

 

အဂတိလိုက်စားမှုဖြင့် ရရှိလာသော စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိန် ငွေကြေးပစ္စည်းတို့သည် အားကျစရာ၊ အထင်ကြီးဂုဏ်ယူစရာမဟုတ်ဘဲ၊ ရှက်စရာ၊ ရွံစရာ၊ အများသူငါကို ဒုက္ခဆင်းရဲကျရောက်စေရာ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်ရာ တိုင်းပြည်ဂုဏ်သိက္ခာ ကျဆင်းစေရာကိစ္စဟု လက်ခံနားလည်ကြရမည် ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးသောနိုင်ငံများရှိ အစိုးရများအဖို့ အဂတိလိုက်စားမှုကို လုံးဝသည်းမခံခြင်း (Zero Tolerance) ဟူသော သဘောကို ရှင်းရှင်းလင်းလင်း ပြသကြရပါသည်။ သို့မဟုတ်ပါက အနီးဆုံးဥပမာအဖြစ် မလေးရှားမှ နာဂျစ်အစိုးရကဲ့သို့ ပြည်သူလူထု၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ခံရမည်သာဖြစ်ပါသည်။ ယခုသတင်းများအရတရားရေးအရာရှိနှင့် တရားသူကြီး ၈၈ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းငယ် ၅၀ တို့ကို ပြစ်ဒဏ်များ၊ ဝန်ထမ်းစည်းကမ်း များအရ အရေးယူခဲ့ကြောင်း ကြားသိရသည်။ ထိုအရေးယူမှုများမှတစ်ဆင့် ကျန်နယ်ပယ် အသီးသီးမှ အဂတိလိုက်စားမှုများအတွက် အချက်ပေးခေါင်းလောင်းသံအဖြစ် နားလည်သတိပြုလာကြစေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ရှင်းလင်းသင့်ကြောင်း အကြံပြုတင်ပြရပါသည်။ ။