အဂတိလိုက်စားမှုနှင့် မျိုးဆက်သစ်တို့အတွက် ဆိုးမွေများ

ဇင်ငြိမ်း

ဝိသမလောဘ

အဂတိလိုက်စားမှုသည် လူ့သဘာဝအရဖြစ်တတ်သည့် အကျင့်စရိုက်ဆိုး တစ်ခုဖြစ်ပါသည်။ ထိုအကျင့်စရိုက်ဆိုးသည် ဝိသမလောဘကို အခြေခံပါသည်။ လောဘဆိုသည်မှာ လိုချင်တပ်မက်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် လောဘအနည်းနှင့်အများ ရှိတတ်ကြသည်။ သို့သော် အတ္တကြီးသူတို့သည် ထိုလောဘနောက်သို့လိုက်ရင်း သောက်လေသောက်လေ ငတ်မပြေသကဲ့သို့ လောဘတဏှာကျွန် ဖြစ်လာကြပါသည်။

လောဘတဏှာကျွန် ဖြစ်လာသည့်အခါ အမှား/အမှန်၊ သင့်/မသင့် ဝေဖန် ပိုင်းခြားနိုင်သည့် အသိဉာဏ်မရှိတော့ဘဲ မျက်တောင်မွေးတစ်ဆုံးသာ ကြည့်တတ် ကြပါသည်။ လူ့အဖွဲ့အစည်းဆိုသည်က အများနှင့် စုပေါင်းနေထိုင်လုပ်ကိုင် ကြသည့်အတွက် မိမိတစ်ကိုယ်စာ အမြင်ကျဉ်းကျဉ်းဖြင့် ရပ်တည်၍မရနိုင်ပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုရင်း သူ့အကျိုး၊ ကိုယ့်အကျိုး အပြန်အလှန် သယ်ပိုးကြရပါသည်။ ယင်းမှာ လူ့စည်းပင်ဖြစ်ပါသည်။
သို့သော်လည်း အချို့သောသူတို့သည် ဝိသမလောဘ လွန်ကဲစွာဖြင့် စည်းစောင့် ထိန်းမှုမရှိတော့ဘဲ အဂတိလိုက်စား နေကြပါသည်။

ဝိသမလောဘဆိုသည်မှာ ဝိသမလောဘာ ဘိဘူတာ၊ ဝိသမလောဘ သူတစ်ပါးထံကနေ မတရားသဖြင့် လိုသည်ထက်ပိုပြီး အလွန်အကျွံလောဘ ရမ္မက်ကြီးစွာ ရယူလိုချင်တဲ့လောဘ ဟုဆိုပါသည်။ မြန်မာအဘိဓာန်တွင် ဝိသမလောဘအား မတရားသော၊ လွန်ကဲသောလောဘ (ပါ၊ ဝိသမ လောဘ) ဟု ဖွင့်ဆိုပါသည်။ သမလောဘ၏ ဆန့်ကျင်ဘက်မှာ ဝိသမလောဘ ဖြစ်ပါသည်။ ဝိသမလောဘနှင့် ပတ်သက်၍ အင်္ဂုတ္တရနိကာယ် တိကနိပါတ် ပလောကသုတ်တွင် လူများ၏ မတရား အဓမ္မလောဘနှင့် တပ်မက်မှုတွေကြောင့် မြို့၊ ရွာများ ပျက်စီးခြင်းရောက်ရပုံကို မြတ်စွာဘုရားက ဟောကြားထားပါသည်။ လူများတွင် ဝိသမလောဘများ အတိုင်းအဆမဲ့ ကြီးမားလာသည့်အခါတွင် ဥပဒေ၊ ကျင့်ဝတ်၊ ကိုယ်ချင်းစာတရား၊ စာရိတ္တနှင့် အရှက်အကြောက်တို့ ကင်းမဲ့လာပြီး အဂတိလိုက်စားမှုများ ကျူးလွန်လာကြပါသည်။

အဂတိလိုက်စားမှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် အဂတိလိုက်စားမှုအား ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ယင်းဖွင့်ဆိုချက်တွင် “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံ တစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦး တစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်း” နှင့် “မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်း စဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင် ဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင်ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေခြင်း” တို့ ပါဝင်ပါသည်။

အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အယူအဆများစွာရှိသော်လည်း အဓိကဆိုလိုရင်းမှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ့အာဏာအား အလွဲသုံးစားပြုလုပ်ခြင်းဟု ကမ္ဘာ့ဘဏ်က ဆိုပါသည်။

အရင်းခံအကြောင်းတရားများ

အဂတိလိုက်စားမှုများသည် အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆိုင်ရာ မည်သည့်နယ်ပယ်၊ မည်သည့်ကဏ္ဍ၊ မည်သည့်အဆင့်အတန်းတွင်မဆို ဖြစ်နိုင်ပါသည်။ အဂတိလိုက်စားသူများသည် ဥပဒေချိုးဖောက်၍လည်းကောင်း၊ ကျင့်ဝတ်ချိုးဖောက်၍ လည်းကောင်း ကျူးလွန်ကြပါသည်။ ထိုအခါ အဂတိလိုက်စားမှုများသည် ကင်ဆာရောဂါပမာ လူ့အဖွဲ့အစည်းအတွင်း အမြစ်စွဲလာပြီး တဖြည်းဖြည်း နှင့် အကျင့်ပျက်စရိုက်တစ်ခုအဖြစ် ကျယ်ပြန့်လာပါသည်။ ထိုအဂတိ လိုက်စားမှုများ၊ အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်လာခြင်း၊ အမြစ်စွဲကျယ်ပြန့်လာခြင်းနှင့် ၎င်း၏အကျိုးဆက်များ ခံစားလာရခြင်းများတွင် အရင်းခံ အကြောင်းတရားများ များစွာရှိပါသည်။

အဂတိလိုက်စားမှုသည် လူ၏လောဘကို အခြေခံသည်ဆိုသော်လည်း အဂတိလိုက်စားမှုဖြစ်စေသည့် တစ်ဦးချင်း၏ နောက်ခံအခြေအနေများရှိကြပါ သည်။ အချို့သည့် ငွေကြေး၊ ရာထူး၊ ဂုဏ်၊ အောင်မြင်မှုများ ပြည့်စုံနေသည့် တိုင် ၎င်းတို့ကိုယ်တိုင်၏ အဆုံးမသတ်နိုင်သော ဝိသမလောဘနှင့် ပတ်ဝန်းကျင် အခြေအနေပေးမှုတို့ကြောင့် ဖြစ်ပါသည်။ အချို့မှာ ၎င်းတို့၏ဘဝ အသက်ရှင် ရပ်တည်ရန် လုံလောက်မှုမရှိခြင်းနှင့် အဂတိလိုက်စားရန် ပတ်ဝန်းကျင်အခြေ အနေပေးခြင်းတို့ကြောင့် အဂတိလိုက်စားမှု ကျူးလွန်ကြပါသည်။ ထို့အပြင် လူ့အဖွဲ့အစည်းအတွင်း အသိပညာ၊ စဉ်းစားဆင်ခြင်တုံတရား၊ လူမှုကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်၊ ယဉ်ကျေးမှု စသည်တို့ လျော့နည်းလာသည့်အခါ အဂတိလိုက်စားမှုကဲ့သို့သော အကျင့် ပျက်မှုများ ဖြစ်ပွားစေနိုင်ပါသည်။

အများနှင့်ဆိုင်သော အကြောင်းတရားများတွင် ဗဟိုချုပ်ကိုင်မှုများခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်အားနည်းမှု၊ ရှုပ်ထွေးသော လုပ်ထုံး လုပ်နည်းများ၊ စီးပွားရေးလွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ တာဝန်ယူတာဝန်ခံမှုမရှိခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှုမရှိခြင်း၊ ဝန်ထမ်းများ၏ လုပ်ခလစာမလုံလောက်မှု၊ သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုး ရေး၊ တရားစီရင်ရေး၊ ယဉ်ကျေးမှုဓလေ့ စရိုက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မူဝါဒနှင့် အကောင်အထည်ဖော်မှု အားနည်းခြင်း၊ ဒီမိုကရေစီအလေ့အကျင့် များနှင့် လူထု၏ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်း၊ ယှဉ်ပြိုင်မှုအားနည်းခြင်း၊ ဆင်းရဲမွဲတေမှုများ၊ ပညာရေးအားနည်းခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှုကဲ့သို့သော အကြောင်းရင်းများ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နေတတ်ပါသည်။ အထက်ပါအကြောင်းရင်းများကို အခြေခံ၍ အဂတိလိုက်စားမှုများသည် အသေး၊ အကြီး၊ အတိမ်အနက်နှင့် ကျယ်ပြန့်မှုများ ကွာခြားသွားကြပါသည်။ အဂတိ လိုက်စားမှု ကြီးထွားလာသည်နှင့် ဖြစ်ပေါ်လာသည့် ရေတို၊ ရေရှည် အကျိုးဆက်များလည်း ကြီးမားကြပါသည်။

ဆုံးရှုံးမှုကြီးမား

ကိုယ်ကျိုးအတွက် အာဏာအလွဲ သုံးစားပြု၍ အဂတိလိုက်စားမှုများကြောင့် ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆုံးရှုံးနစ်နာမှုများမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆ ထရီလီယံရှိကြောင်း ကုလသမဂ္ဂက ဆိုပါ သည်။ စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီမှာ လာဘ်ပေးရမှုမှာ နှစ်စဉ် ခန့်မှန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရှိကြောင်း သိရပါသည်။ အဂတိ လိုက်စားမှုများကြောင့် ဆုံးရှုံးနစ်နာရ သည့် ငွေကြေးများအနက် အများပြည်သူဆိုင်ရာ ဘဏ္ဍာငွေများလည်း ပါဝင်နေရာ ယင်းဆုံးရှုံးမှုသည် ငွေကြေးတစ်ခုတည်းတွင်သာ ဆုံးရှုံးရသည် မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ၏တိုးတက်မှုကိုလည်း ထိခိုက်စေပါသည်။ အဂတိလိုက်စားမှုကြောင့် တိုက်ရိုက်ဆုံးရှုံးနစ်နာမှုများအပြင် သွက်ဝိုက်၍လည်း ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပါသည်။ 

အဂတိ လိုက်စားမှုများကြောင့် စီးပွားရေးအခွင့်အလမ်းများ လျော့နည်းခြင်း၊ ယုံကြည်မှုမရှိခြင်း၊ အချိန် ကြန့်ကြာခြင်း၊ အရည်အသွေး မပြည့်ဝခြင်းကဲ့သို့သော နောက်ဆက်တွဲ အကျိုးဆက်များသည် ပြည်သူလူထု၏ အကျိုးစီးပွားများကို ရေရှည်ထိခိုက် စေလျက်ရှိပါသည်။ 

ရေရှည်ထိခိုက်ဆုံးရှုံးမှု

အဂတိလိုက်စားမှုကြောင့် ရေတိုဆိုးကျိုးများအပြင် ရေရှည်ဆိုးကျိုးများ လည်းဖြစ်ပေါ်စေပါသည်။ လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှု အမြစ်စွဲနေခြင်းများကြောင့် အနာဂတ် မျိုးဆက်သစ်များအတွက် ဆိုးမွေများကို ဖြစ်ပေါ်စေပါသည်။ ယင်းဆိုးမွေများတွင် ဥပဒေလေးစားလိုက်နာမှု၊ ကျင့်ဝတ် သိက္ခာစောင့်ထိန်းမှု၊ နိုင်ငံချစ်စိတ်ကဲ့သို့သောစိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကို ကျဆင်းစေပါသည်။ အလားတူပင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဲ့သို့သော ကဏ္ဍများတွင် အဂတိလိုက်စားမှုများကြောင့် ယင်းကဏ္ဍများ၏ စွမ်းဆောင်ရည်များ ကျဆင်းလာသည့်အတွက် ပညာရေး အရည်အသွေးကျဆင်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအားနည်းခြင်း၊ လူမှုရေး စံနှုန်းများ ကျဆင်းခြင်းကဲ့သို့သော ရေရှည်ထိခိုက်မှုများ ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

မိမိတို့ပတ်ဝန်းကျင်တွင် အဂတိ လိုက်စားသည့် အကျင့်စရိုက်များ အမြစ်တွယ်လာပါက တစ်ဦးချင်းအဆင့်မှ အစုလိုက်၊ အဖွဲ့လိုက်အထိ ကျူးလွန်လာကြမည်ဖြစ်ပါသည်။ အဂတိ လိုက်စားနေသည့် လူ့အဖွဲ့အစည်းသည် ခြစားနေသည့် နေအိမ်နှင့် တူပါသည်။ ခြစားနေသည့်အိမ်သည် ကြာလေ ပျက်လေသာ ဖြစ်ပါလိမ့်မည်။ ခြကောင် ကဲ့သို့ပင် အဂတိလိုက်စားသူများသည် လူ့အဖွဲ့အစည်းအား လှိုက်စားခြင်းဖြစ်ရာ ၎င်းတို့သည် ဥပဒေလေးစား လိုက်နာမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု၊ ကိုယ်ချင်းစာတရား၊ အရှက်၊ သိက္ခာတို့ ရှိမည်မဟုတ်ချေ။ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားရရှိရေးကိုသာ ဦးထိပ် ထားသူများဖြစ်သဖြင့် ဘနဖူးသိုက်တူးရန် ဝန်လေးနေမည်မဟုတ်ပါ။

ကောင်းမွေများ လက်ဆင့်ကမ်း

ထိုသို့သော အဂတိလိုက်စားမှုများကြောင့် မျိုးဆက်သစ်လူငယ်တို့သည် ဖြစ်လာသည့် ဆိုးကျိုးများကို ခံစားကြရသည့်အပြင် အကျင့်ပျက်မှု စရိုက်ဆိုး မွေများနှင့်လည်း ရင်ဆိုင်ကြရပါသည်။ ပုံပြင်ထဲမှ ကျေးညီနောင်ကဲ့သို့ပင် ဖြစ်ပါသည်။ သူခိုးဓားပြများထံ ရောက်သွားသည့် ကျေးသည် သူခိုးဓားပြအကျင့် စရိုက်များကိုရရှိပြီး၊ ရသေ့ကျောင်းသင် ခန်းသို့ ရောက်သွားသည့် ကျန်ကျေးတစ်ကောင်သည် သူတော်ကောင်း အပြုအမူများရရှိပါသည်။ လူ့အဖွဲ့အစည်းဆိုသည်က မျိုးဆက်တစ်ခုနှင့် တစ်ခု ကောင်းမွေဆိုးမွေများ ဆက်လက် ကမ်းတတ်ကြပါသည်။ အတုမြင် အတတ်သင်ကြပါသည်။ ဓလေ့စရိုက်တစ်ခုပမာ အမြစ်စွဲနေသည့် အကျင့်ပျက်စရိုက်ဆိုးများသည် မျိုးဆက်သစ်တို့အတွက် အမှားသရုပ် ပြမှုများဖြစ်ကြသည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသည့် စကားသည် အလုံးစုံ မမှန်ကန်နိုင်သော်လည်း လူ့သဘာဝအရ အတုမြင်အတတ်သင် တတ်ကြသဖြင့် လူငယ်တို့၏ အကျင့်စာရိတ္တမဏ္ဍိုင်ကို ပျက်ပြားစေနိုင်ပါသည်။


သို့ဖြစ်ရာ အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးသည် တစ်ဦးတစ်ယောက် ချင်းမှ နိုင်ငံတော်အဆင့်အထိ လက်တွဲ ဖြေရှင်းကြရမည့် ပြဿနာဖြစ်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းသည် ရောဂါကုသခြင်းကဲ့သို့ ဖြစ်ပါသည်။ ရောဂါပျောက်ကင်းစေရန် လတ်တလော ရောဂါလက္ခဏာများကို ကုသရသည့်အပြင် ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းများကိုလည်း ကုသရမည်ဖြစ်ပါသည်။ သို့မှသာ ရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေမည်ဖြစ်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အလားတူပင်ဖြစ်ပါသည်။ ထိုပြဿနာအား အမြစ်ပြတ်အောင် ကုသမှသာ နိုင်ငံတည်ဆောက်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်တို့အတွက် အမွေကောင်းများ လက်ဆင့် ကမ်းနိုင်မည်ဖြစ်ပါသည်။ ။