အဂတိလိုက်စားမှုကင်းစင်ခြင်းဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်

နေပြည်တော် ၉ ဒီဇင်ဘာ

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ ဖြစ်သည်။ အဂတိလိုက်စားမှုသည် မကောင်းသောအမှုကိစ္စဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်သောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကမ္ဘာ့နိုင်ငံများက အလေးထားဆောင်ရွက်နေကြသည်။ အဂတိ လိုက်စားမှုနည်းသောနိုင်ငံများမှာ လူမှုဘဝ မြင့်မားတိုးတက်နေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး အဂတိ လိုက်စားမှုများသော နိုင်ငံများမှာ ပြည်သူတို့၏လူမှုဘဝနိမ့်ကျနေသည်ကိုမြင်တွေ့ရမည် ဖြစ်သည်။

 

ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပိုမိုအလေးထားဆောင်ရွက်နေသည်။ ၁၃၈၀ ပြည့်နှစ် နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု တစ်ဝန်းလုံးသို့နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ၌ ဌာနဆိုင်ရာ အတော်များများတွင် ဓလေ့သဖွယ် စွဲကပ်နေသည့် အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်ရာတွင် ဝန်ထမ်းများ၏ရပိုင်ခွင့် အခွင့်အရေးနှင့် တာဝန်ကိုဘက်ညီမျှတစေရန် ပြန်လည်သုံးသပ်ပြီး ဌာနဆိုင်ရာ တစ်ခုချင်းက အသီးသီးတာဝန်ခံ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အပြင် မီဒီယာနှင့် ပြည်သူလူထုကလည်း မှန်ကန်စွာ ရှာဖွေဖော်ထုတ်ပေးရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

 

အဂတိလိုက်စားမှုသည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရောဂါဆိုးသဖွယ် အမြစ်တွယ်နေသည်။ ထိုအမြစ်တွယ်နေမှုကို ဖွဲ့စည်းထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မျက်နှာကြီး၊ ငယ် မရွေး ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ အဂတိလိုက်စားမှုမှာ လူ့ဘောင်အဖွဲ့အစည်းအတွင်းကျယ်ပြန့်စွာအမြစ်တွယ်နေသောကြောင့် ကော်မရှင်တစ်ရပ်တည်း အနေဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ချေ။ အဂတိလိုက်စားမှုကိုထိထိရောက်ရောက် တိုက်ဖျက်နေသည်ဆိုသော်လည်း လုပ်ပိုင်ခွင့်ရှိသော နယ်ပယ်များတွင် အဂတိလိုက်စားမှုများ ရှိနေသေးသည်။

 

သို့ဖြစ်၍ မီဒီယာများနှင့် ပြည်သူလူထုအနေဖြင့် လုပ်ပိုင်ခွင့်အာဏာအရှိန်အဝါရှိသူများ၏ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုများကိုတိကျခိုင်လုံသည့် အချက်အလက်အထောက်အထားများဖြင့် တိုင်ကြားကြရန် အသိပေးထားသည်။ အဂတိလိုက်စားမှုကို အရှိန်မြှင့်တိုက်ဖျက်နိုင်ရန်အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ပြုထားသည်။ အဂတိလိုက်စားမှုဟူသည်မှာ တံစိုး လက်ဆောင် ရယူခြင်းသာမက လုပ်ပိုင်ခွင့်ရှိသူတို့၏ မမှန်ကန်သော ဆောင်ရွက်ချက်များကိုပါ စောင့်ကြည့်လေ့လာကြရမည် ဖြစ်သည်။

 

ရောဂါဆိုးသဖွယ် အမြစ်တွယ်နေသော အဂတိလိုက်စားမှုကို ရွံရှာ စက်ဆုပ်ဖွယ် ကိုယ်ကျင့် တရားပျက်ယွင်းမှုကြီးအဖြစ် အားလုံးက ရှုမြင် လာကြစေရန်၊ အဂတိလိုက်စားမှု ဆိုးကျိုးများကို သိမြင်နားလည်လာစေရန် ပညာပေးမှု၊ စည်းရုံးမှု၊ စောင့်ကြည့်မှု၊ အလုပ်ရုံဆွေးနွေးမှုများကို မြှင့်တင် ဖော်ဆောင်အားပေးမှုများ၊ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်လာကြ သည်ကိုတွေ့ရသည်။ ယင်းဆောင်ရွက် ချက်များသည် ပြည်သူ့အစိုးရ လက်ထက်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်ဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်းဖြစ်၍ ကြိုဆိုရမည် ဖြစ်သည်။

 

အဂတိလိုက်စားမှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အလုပ်ဌာနများ၏ စွမ်းဆောင်မှုအပေါ် တတိယအဖွဲ့အစည်းများက စာရင်းစစ်ဆေးပေးခြင်း၊ စောင့်ကြည့်မှတ်သားခြင်း၊ အကဲဖြတ်ပေးခြင်း တို့သည် အဂတိလိုက်စားမှုပပျောက်ရေးအတွက် ထိရောက်သော ဆောင်ရွက်ချက်များဖြစ်သည်။ မိမိတို့၏ လုပ်ဆောင်မှုများကို ဌာနဆိုင်ရာ စာရင်းစစ်အဖွဲ့မှလွဲ၍ အခြားအဖွဲ့အစည်းက လာရောက်စစ်ဆေးခြင်းကို လိုလားကြမည်မဟုတ်ချေ။ ဌာနဆိုင်ရာများအား အကဲဖြတ်စစ်ဆေးခြင်းသည် ရှက်စရာ၊ ဂုဏ်ငယ်စရာ မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်း ခိုင်မာစွာပြသခြင်းဖြစ်၍ ဂုဏ်ယူရမည့် အလုပ် ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံ့အကျိုးစီးပွား၊ ပြည်သူလူထုအကျိုးစီးပွား ဖြစ်ထွန်း ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့ဂုဏ်သိက္ခာ မြင့်မားတိုးတက်ရေးတို့ အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်လာစေရန် အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ရာ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကြေးမုံ