အဂတိကင်းရှင်းမှ နိုင်ငံဖွံ့ဖြိုး

နေပြည်တော် ၂၉ သြဂုတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဩဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အမှာစကားတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်သည်တို့ကို ကြားသိခဲ့ရသည်။ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကြီးမားသော အဟန့်အတားကို ဖြစ်စေသည်။ မှန်ကန်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အရည်အသွေးကောင်းမွန်မှု၊ ဘဏ္ဍာငွေအပြည့်အဝ ရရှိမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု စသည်တို့ကို ထိခိုက်စေပြီး စီးပွားရေး၊ ငွေရေးကြေးရေး၊ လုပ်ကိုင်မှု၊ ဆုံးဖြတ်မှုဆိုင်ရာ စသည့် နယ်ပယ်များတွင် အများဆုံးဖြစ်ပေါ်တတ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဂုဏ်သိက္ခာဆိုသည်မှာ ထိုနိုင်ငံတွင် မည်မျှအထိ အဂတိလိုက်စားမှုကင်းရှင်းသည် ဆိုသည့်အပေါ်မှာ မူတည်ကြောင်းမှာကြားထားပြီး မြန်မာနိုင်ငံသည် စီးပွားရေးအရ အဂတိကင်းရှင်းလာမည်ဆိုလျှင် ကမ္ဘာကနေပြီး မြန်မာနိုင်ငံကို ယုံကြည်စွာဖြင့် ရင်းနှီးမြှုပ်နှံချင်သည့်စိတ်များ ဖြစ်လာမည်ဟု အသိပေး ပြောကြားထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး မြန်မြန်ဆန်ဆန် ပြီးမြောက်ရေးမှာ တင်ဒါများနှေးကွေးခြင်းနှင့် တင်ဒါများနှင့်ပတ်သက်၍ မမှန်မကန်လုပ်ကိုင်နေမှုများ ရှိနေသည်ကို တိုင်ကြားမှုများရှိနေကြောင်း သတိပေးထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် မမှန်မကန်လုပ်ကိုင်မှုများ ရှိနေဆဲဖြစ်သည်။ အဂတိလိုက်စားမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး ထိထိရောက်ရောက် တိုက်ဖျက်နေသည်ကိုလည်း တွေ့ရသည်။ အဂတိလိုက်စားမှုရှိပါက အသိပေးတိုင်ကြားရန်လိုအပ်ပြီး ပြည်သူများနှင့် ပြည်သူ့ ကိုယ်စားလှယ်များကလည်း အသိပေး ဖော်ထုတ်ပေးနေသည်ကို တွေ့ရသည်။

သာဓကအားဖြင့် ဩဂုတ်လ ၂၇ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့၌ ပြည်သူ့ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများတွင် ဌာနများ အနေဖြင့် စီမံကိန်းများကို တိတိကျကျ အကောင်အထည်မဖော်ဘဲ တင်းကျပ်မှုများ လျော့နည်းသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်နေရသည့် အကြောင်းများထဲမှ ဘက်ညီစွာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ကုမ္ပဏီ၏ဆောင်ရွက်ချက်များအပေါ် မူဝါဒနည်းလမ်းများ ချမှတ် ဆောင်ရွက်နိုင်ခြင်း မရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ရသင့်ရထိုက်သော အကျိုးအမြတ်များ ဆုံးရှုံးရကြောင်း၊ တာဝန်ရှိသူများသည် တင်ဒါအဖွဲ့ကို ဟန်ပြဖွဲ့စည်းပြီး တင်ဒါခေါ်ယူကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မများကို လိုက်နာမှုမရှိခြင်း၊ မြေငှားရမ်းခနှုန်းထားများ နည်းပါးနေခြင်း စသည့်အားနည်းချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့် အဂတိလိုက်စားမှုများသည် ဥပဒေစည်းကမ်းများကို လိုက်နာမှု မရှိသည့် စီးပွားရေးနယ်ပယ်မှ ဖောက်ပြန်တတ်သော အမှုများဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်အချို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ကြသည်။ စီးပွားရေးနယ်ပယ်တွင် ကိုယ်ကျိုးစီးပွားအတွက် ဖောက်ပြန်သူအချို့ ရှိနေသော်လည်း လုပ်ငန်းရှင်အများစုမှာ အဂတိလိုက်စားမှုကို မနှစ်သက်ခြင်းသည် နိုင်ငံအတွက် ကောင်းသော လက္ခဏာဖြစ်ပေသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးဂုဏ်သိက္ခာမြင့်မားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်မှန်ကန် ကောင်းမွန်စွာဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုများကို အားမပေးခြင်း၊ လိုက်စားသူများကိုလည်း အသိပေးတိုင်ကြားခြင်းဖြင့် အဂတိလိုက်စားမှုလျော့နည်းပပျောက်ပြီး ဂုဏ်သိက္ခာ မြင့်မားသော နိုင်ငံအဖြစ် တင့်တယ်စွာ ရပ်တည်နိုင်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ