အဂတိကင်းစင်ရေးနှင့် ပြည်သူ့အစိုးရ

၈  ဒီဇင်ဘာ

 

ပြည်သူတို့က ရွေးချယ်တင်မြှောက်သည့် ပြည်သှူကိုယ်စားလှယ်များက ဒီမိုကရေစီအပြောင်းအလဲခေတ်တစ်ခုကို ဖော်ဆောင်လျက်ရှိပြီး ယနေ့ကာလကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် အဘက်ဘက်သောကဏ္ဍများတွင် ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူ နိုင်ငံတွင်းငြိမ်းချမ်းရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေချိန်ဟု ဆိုရပါမည်။

 

နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အရပ်ရပ်ကို နှေးကွေးလေးလံအောင်၊ မအောင်မမြင်ဖြစ်အောင် ပိတ်ဆို့ကာဆီး နေသည့် အကြီးစား ဆူးငြောင့်ခလုတ်တစ်ခုမှာ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်သည်ဟုဆိုလျှင် မမှားနိုင်ပါ။

 

ဗဟိုဦးစီးစနစ်ဖြင့် ချီတက်ခဲ့သော ခေတ်ကာလအဆက်ဆက်တွင် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့သည် တဖြည်းဖြည်းချင်း လှိုက်စားထိုးဝင်လာခဲ့ရာ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတို့၌ အဂတိရောဂါဆိုး အမြစ်တွယ် သွားခဲ့ပါတော့သည်။

 

ပညာရေး၊ ကျန်းမာရေးကဲ့သို့သော အလွန်မွန်မြတ်သန့်ရှင်းလှသည့် နယ်ပယ်များတွင်းသို့ပင် အဂတိရောဂါဆိုးက ဝင်ရောက်ခြေချလာခဲ့ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေး နိမ့်ကျဆင်းရဲမှုပါမက ကိုယ်ကျင့်သိက္ခာ ချွတ်ခြုံကျမှုတို့ပါ လွှမ်းမိုးခဲ့သည့်နိုင်ငံ ဖြစ်ခဲ့ရပါသည်။

 

ပည်သှူကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ပြီး အစိုးရ တာဝန်နှင့် လွှတ်တော်တာဝန်များ ယူပြီးသည့်အချိန်ကစ၍ အဂတိကင်းစင်ရေးကို အလေးအနက်ထား ဆောင်ရွက်သည်တို့ကို တွေ့ရှိလာရရာ ပြည်သူတို့ကလည်း အထူးပင်အားပေးကာ ဝိုင်းဝန်းကူညီလာခဲ့ကြပါသည်။

 

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ အဂတိလိုက်စားမှုကို ပိုမိုထိရောက်စွာ တိုက်ဖျက်ရေးကို အလေးပေးပြောဆိုခဲ့ပါသည်။ “လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုများအား တိကျခိုင်လုံသည့် အချက်အလက် အထောက်အထားများနှင့် တိုင်ကြားကြရန်နှင့် ... မျက်နှာကြီးငယ် မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်ရန်” စသည်ဖြင့် ပြောကြားခဲ့ခြင်းက အဂတိကင်းစင်ရေးကို မည်မျှအလေးအနက်ထားကြောင်း ပေါ်လွင်လှပါသည်။

 

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် တည်ဆောက်ရာတွင် ထိပ်ဆုံးရှိ ဦးစီးဦးဆောင်များမှသည် အောက်ဆုံး ဝန်ထမ်းများအထိ အဆင့်ဆင့် အဂတိကင်းစင်ရန် အရေးကြီးပါသည်။ အဂတိကင်းစင်ရေး ကြိုးပမ်းရာတွင်လည်း အဂတိလိုက်စားမှုကို ထိရောက်စွာအရေးယူခြင်း၊ အသိပညာနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ လုပ်ငန်း နယ်ပယ်အသီးသီးတွင် ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ အဆင့်ဆင့်၏ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးကို ထိန်းကွပ်ခြင်း စသည်တို့အားဖြင့် အားစိုက်လုပ်ကိုင်ရန်လိုမည်ဟု ယူဆပါသည်။

 

လွတ်လပ်စွာ စုံစမ်းစစ်ဆေးခြင်း၊ အရေးယူခြင်း၊ တရားစွဲခြင်း စသည် ကဲ့သို့သော တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပိုမိုရရှိလာပြီဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့်အတူ အစိုးရဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော လူထုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူလူထုကြီး၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို များစွာအရှိန်အဟုန်မြှင့် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု တင်ပြလိုက်ရပါသည်။ ။

မြန်မာ့အလင်း