ရန်ကုန် ဇွန် ၁၄
ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဝင်းအတွင်း တည်ဆောက်လှူဒါန်းထားသည့် ပါမောက္ခချုပ် ဆရာတော်ကြီး သီတင်းသုံးရန် “အဂ္ဂါဘိဓဇပါမောက္ခချုပ်ကျောင်းတော်” ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်နှင့် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရနှင့် ပင့်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ အလှူရှင် ဦးဇော်မျိုးထက် နှင့် ဇနီး သုဓမ္မသိင်္ဂီဒေါ်နန်းမိုးခမ်းနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အလှူရှင်မိသားစုတို့က “အဂ္ဂါဘိဓဇပါမောက္ခချုပ်ကျောင်းတော်” ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ်ဆရာတော်ကြီးက ကျောင်းလွှတ်ပူဇာကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်းများ ပတ်ဖျန်းပေးခဲ့သည်။ ဆက်လက်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းမင်္ဂလာကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


