အေးဂျိစ်ဒုံးခွင်းစနစ် မြန်မြန်ဆန်ဆန်ဖြန့်ကြက်လိုဟု ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

တိုကျို ၁၅ ဇန်နဝါရီ 

မြောက်ကိုရီးယားဒုံးကျည်များ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု မဆိုင်းမတွဖြန့်ကြက်လိုကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းရှိ အေးဂျိစ်ဒုံးကျည် ကာကွယ်ရေးစနစ် တပ်ဆင်ထားသည့် စမ်းသပ်ရေးစခန်း တစ်ခုသို့ ယမန်နေ့က သွားရောက်လည်ပတ်စဉ် ဂျပန်ကာကွယ်ရေးဝန်ကြီးတာရိုကိုနိုက အဆိုပါမှတ်ချက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်ကာကွယ်ရေး အေဂျင်စီမှ ညွှန်ကြားရေးမှူးက တာရိုကိုနိုအား အခြားနယ်မြေများနှင့်အတူ ကွပ်ကဲရေးဗဟိုဌာနနှင့် ဒုံးကျည်ပစ်လွှတ်ရေးစင်ကို ပြသခဲ့သည်။ ဒုံးကျည်စမ်းသပ်ရေး စခန်း၌ ဘေးအန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ ပြဿနာများမရှိခဲ့ဟု သူ့ကိုရှင်းပြခဲ့ကြောင်း တာရိုကိုနိုက သတင်းထောက်များသို့ ရှင်းပြခဲ့သည်။ 

ကိုနိုက ဒုံးကျည်စမ်းသပ်ရေးစခန်းအနီးရှိ နေ့ကလေး ထိန်းဌာနတစ်ခုကို ရည်ညွှန်းခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူနေအဆောက်အအုံဧရိယာများ၏ အကွာအဝေးမှာ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသော အချက်တစ်ချက် ဖြစ်သည်ဟု နားလည်ကြောင်းပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံက အဆိုပါဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ရန် အဆိုပြုထားသော နယ်မြေများအနီး နေထိုင်သူများကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေစဉ် သူ၏မှတ်ချက်စကား ပြောကြားခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် ဂျပန်နိုင်ငံအထိ ရောက်ရှိနိုင်သော ပမာဏများပြားသော ဒုံးကျည်များ ပိုင်ဆိုင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တိုင်းပြည်၏ ဒုံးကျည်ကာကွယ်ရေးစွမ်းပကားကို အေးဂျိစ်ကဲ့သို့သော ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် စောနိုင်သမျှစော၍ အဆင့်မြှင့်တင်လိုကြောင်း ၎င်းက ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ 
ဘာသာပြန်-ကျော်ထိုက်စိုး