အေဆမ်အစည်းအဝေးသို့ တက်ရောက်လာသည့် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံမေးမြန်း

(၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသော ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Mr. Timo Soini အား မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ မြန်မာနှင့် ဖင်လန်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ်  တွေ့ဆုံမေးမြန်းထားသည်။

မေး -   မြန်မာနဲ့ဖင်လန်နိုင်ငံကြား ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးမှာ အဓိကဦးစားပေးမှု လုပ်ငန်းတွေက ဘာတွေဖြစ်မလဲဆိုတာ သိလိုပါတယ်။

ဖြေ - ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနဲ့ပတ်သက်ပြီး အထူးကောင်းမွန်တဲ့ နိုင်ငံတစ် နိုင်ငံဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အဓိက ပူးပေါင်းဆောင်ရွက်လိုတဲ့ ကဏ္ဍတွေထဲက အကြီးမားဆုံး ကိစ္စတစ်ခုကတော့ ပညာရေးကဏ္ဍပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သစ်တောထွက်ပစ္စည်းတွေ ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ပဋိပက္ခကင်းစင်ပြီး အေးအေးချမ်းချမ်းရှိဖို့ ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ ဒါကြောင့်မို့ လုံခြုံရေးကိစ္စကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ ဖင်လန်နိုင်ငံ အနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြားနိုင်ငံများနည်းတူ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ကူညီ ဆောင်ရွက်နိုင်ပါတယ်။

မေး - ဖင်လန်နိုင်ငံအနေနဲ့ ဖင်လန်အရပ်ဘက်အဖွဲ့အစည်းနဲ့ အဆင့်မြင့်ပညာရေး အင်စတီကျူးရှင်းတွေကနေ တစ်ဆင့် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ယူရို ၃၄ သန်း ပံ့ပိုးကူညီပေးမယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

ဖြေ - မြန်မာနိုင်ငံဟာ ဖင်လန်နိုင်ငံကပေးအပ်တဲ့ ဖွံ့ဖြိုးရေးအကူအညီ ရရှိနေတဲ့ ဦးစားပေးနိုင်ငံဖြစ်ပါတယ်။ အစိုးရဘက်က တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုမ္ပဏီများကို မြန်မာနိုင်ငံရှိ ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ပါတယ်။ ဖင်လန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေ အထမြောက်အောင် ပံ့ပိုးကူညီပေးဖို့ ရည်မှန်းချက်ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်တွေ အလျှံပယ်ရှိနေလို့ ဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့အတွက် ဖော်ဆောင်နိုင်တဲ့ အခွင့်အလမ်းတွေရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ပေးအပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေဟာ အမျိုးသမီးတွေဆီ ရောက်ရှိဖို့လည်း လိုအပ်ပါတယ်။ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းမှာ အပြည့်အဝ ပါဝင်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မိသားစုတွေကို အကူအညီပေးမှုအပါအဝင် အမျိုးမျိုးသော ကြိုတင်ပြင်ဆင်မှုတွေက အမျိုးသမီးတွေအတွက် အလွန်အရေးကြီးပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးခြင်းဟာ မြန်မာနိုင်ငံအပေါ် ဖင်လန်ပြည်သူများရဲ့ မေတ္တာစေတနာဖြစ်ပါတယ်။

မေး - မြန်မာနိုင်ငံက လက်ရှိအချိန်မှာ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတွေ ဖော်ဆောင်ဖို့ ကြိုးပမ်းနေပြီး ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရေးကိုလည်း လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဖင်လန်နဲ့ မြန်မာနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုက နည်းပါးနေဆဲဖြစ်ပါတယ်။ ဖင်လန်နိုင်ငံကပေးအပ်တဲ့ ပုဂ္ဂလိကကဏ္ဍ ငွေကြေး ပံ့ပိုးကူညီမှုကို မြန်မာနိုင်ငံက ဘယ်လိုအသုံးပြုရမလဲဆိုတာ သိလိုပါတယ်။

ဖြေ - ဖင်လန်နိုင်ငံက ပုဂ္ဂလိကကုမ္ပဏီတွေ စနစ်ကျတဲ့အတွက် တရားဥပဒေစိုးမိုးမှုရှိပြီး ဘေးကင်းလုံခြုံတဲ့တဲ့အပြင် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံတွေမှသာ လာရောက် ရင်းနှီးမြှုပ်နှံလိုပါတယ်။ ဖင်လန်နိုင်ငံမှာ သစ်လုပ်ငန်းက တွင်တွင်ကျယ်ကျယ်ရှိနေသလို မြန်မာနိုင်ငံမှာလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင်၊ အင်ဂျင်နီယာ၊ နည်းပညာကွန်ယက် စတာတွေ အပါအဝင် မိုဘိုင်းလ်ဖုန်းကဏ္ဍမှာလည်း အလျင်အမြန်ကို တိုးတက်နေပါတယ်။ အဓိကလိုအပ်ချက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းနဲ့ ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုရှိရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေရောက်သွားရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက တစ်ဟုန်ထိုး တိုးတက်လာမှာဖြစ်ပါတယ်။

မေး - ဖင်လန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအားလုံးရဲ့ အခြေခံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အလေးထားပြီး ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်နဲ့ တိုင်းရင်းသား အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဖင်လန်နိုင်ငံကပေးအပ်မယ့် အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို သိလိုပါတယ်။

ဖြေ - အခုမနက် ကျွန်တော်ကြားသိရတာက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိပြီး လက်ရှိ ပဋိပက္ခအခြေအနေဟာ နှစ် ၆၀ ကျော်ရှိခဲ့ပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေနဲ့အတူ မတည်ငြိမ်မှုလည်း ရှိနေတယ်လို့သိရပါတယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ပဋိပက္ခအခြေအနေဟာ တစ်ကယ့်ကို စိန်ခေါ်မှုကြီးဖြစ်နေပါတယ်။

အခြားနိုင်ငံများနည်းတူ ဖင်လန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပါဝင်ကူညီလိုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီပဋိပက္ခတွေဟာ နှစ်ရှည်လများ အမြစ်တွယ်ခဲ့ပြီလို့ ကျွန်တော်သိရပါတယ်။ ဒီလိုနားလည်ထားတာနဲ့အညီ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ် အဆင့်ဆင့်မှာ ဖင်လန်နိုင်ငံအနေနဲ့ ပါဝင်ကူညီပံ့ပိုးမှာဖြစ်ပါတယ်။ ထို့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုလည်း ဒီလုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီမနက် ကျင်းပတဲ့အစည်းအဝေးမှာ ဂျာမန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂေလ်ဘရီရယ်လ် ပြောခဲ့သလို မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ရာစုနှစ်ကာလက ဥရောပတိုက်မှာ သတင်းဆိုးနဲ့ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်လို့ သိရပါတယ်။ အခုတော့ ဒီလိုအသံတွေ လုံးဝမကြားရတော့ပါဘူး။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ထဲထဲဝင်ဝင် ပြန်လည်ရောက်ရှိလာပါပြီ။ ကျွန်တော်တို့အနေနဲ့ ကောင်းမွန်တဲ့အနာဂတ်ကို ဆက်ပြီးဖော်ဆောင်ချင်ရင် ဖြစ်ပြီးခဲ့တဲ့ အဆိုးတရားတွေကို ခွင့်လွှတ်နိုင်ဖို့ လိုအပ်ပါတယ်။

မေး - မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အပေါ် ဝန်ကြီးရဲ့အမြင်နဲ့သုံးသပ်ချက်ကို သိလိုပါတယ်။

ဖြေ - မြန်မာနိုင်ငံက မှန်ကန်တဲ့လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ကျွန်တော်သိရှိတွေ့ကြုံခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ အလွန်ကွဲပြားနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကတော့ တစ်နှစ်ခွဲအတွင်း ရလာလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ ဇွဲရှိရှိနဲ့ ဆက်လက်လျှောက်လှမ်းနေရမှာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဖင်လန်နိုင်ငံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့အချိန်ကတည်းက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဖင်လန်နိုင်ငံဟာ အင်မတန်ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း မရှိမဖြစ်လို အပ်တဲ့လုပ်ငန်းတွေကို ဦးစားပေးဖော်ဆောင်ခဲ့ပါတယ်။

ကလေးတိုင်း ကျောင်းတက်နိုင်ရေး၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးနဲ့ အမျိုးသမီးနဲ့ ကလေးများ တန်းတူအခွင့်အရေး ရရှိရေးဟာ အထူးလိုအပ်ပါတယ်။ တစ်ဆင့်ချင်း ချည်းကပ်မှုနည်းလမ်း၊ ယုံကြည်မှု တည်ဆောက်ခြင်း၊ ဒီမိုကရေစီကို လေ့လာသင်ကြားခြင်းနဲ့ တာဝန်ယူမှုကို သိရှိနားလည်အောင် လုပ်ဆောင်ခြင်း စတဲ့ အချက်တွေနဲ့ စိတ်ရှည်လက်ရှည် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီနေ့အချိန်မှာ ဆိုရှယ်မီဒီယာတွေ လွှမ်းမိုးတဲ့ကာလ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကိုယ်သိချင်တာကို လွယ်လင့်တကူ ရှာဖွေနိုင်ကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်စပ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တစ်ဆင့်ပြီးပြီးတစ်ဆင့် ပြောင်းလဲသွားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုမြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အေဆမ်ကဲ့သို့သော အစည်းအဝေးမျိုးတွေက မြန်မာနိုင်ငံအတွက် များစွာအကျိုးဖြစ် ထွန်းစေမှာဖြစ်ပါတယ်။

နောက်ထပ်ပြောချင်တာက ရောမမြို့ကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရနိုင်သလို ခက်ခဲတဲ့ဖြစ် စဉ်တွေဟာလည်း တစ်ရက်တည်းနဲ့ အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ဖြေးဖြေးမှန်မှန်နဲ့ စိတ်ရှည်ရှည် လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။

မေး - ဖင်လန်ပြည်ပကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဟာ အခုနှစ် ဖေဖော်ဝါရီလမှာ ပို့ကုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ဖင်လန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြားကဏ္ဍတွေမှာ ပံ့ပိုးမှုနဲ့ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်ဖို့ ရှိပါသလားဆိုတာ သိချင်ပါတယ်။

ဖြေ - ဖင်လန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအကြောင်း ပိုပြီးသိအောင်နဲ့ မြန်မာတို့နဲ့ ထဲထဲဝင်ဝင်ရှိအောင် ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေ များစွာရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ကျွန်တော်တို့ ကုမ္ပဏီတွေကို မြှင့်တင်ဖို့လိုအပ်သလို မြန်မာနိုင်ငံမှာ အခြေတကျဖြစ်အောင် လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေရှိပြီဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ သူတို့ကို တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းကပဲ ကျွန်တော်တို့သံရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။ မနက်ဖြန် ရန်ကုန်မှာ သံရုံးဖွင့်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီသံရုံး ဖွင့်လှစ်လိုက်ခြင်းက ဖင်လန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကူညီပံ့ပိုးမယ်ဆိုတဲ့ ကတိကဝတ်ကို ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မေး - ဝန်ကြီးအနေနဲ့ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေအပေါ် ဘယ်လိုသတင်းစကားများ ပါးချင်ပါသလဲ။

ဖြေ - ကျွန်တော်ပြောကြားချင်တဲ့ သတင်းစကားကတော့ မြန်မာအစိုးရနဲ့ပြည်သူတွေ ရှေ့ဆက်လှမ်းရမယ့် ခရီးစဉ်အတွက် စိတ်ဓာတ်မကျပါနဲ့။ ဇွဲလုံ့လဝီရိယရှိပါ၊ အပြုသဘော စိတ်ထားကိုဆောင်ပါ။ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံသားတွေ ရရှိနိုင်တဲ့ အလွန်တန်ဖိုးကြီးတဲ့အရာ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်အပေါ် မေတ္တာထားခြင်းဖြင့် ပျော်ရွှင်မှုတွေ ပိုမိုရလာမှာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း- ကျော်သဲအိမ်၊ ကျော်ထိုက်စိုး