အော့နှလုံးနာ၊ ရှုတ်ချရမည့် ARSA အကြမ်းဖက်အဖွဲ့

၂၅ မေ

 

ARSA အကြမ်းဖက်အဖွဲ့၏ လူမဆန်သောရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုတို့ကို အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnnesty) က သက်သေအထောက်အထားများနှင့်တကွ ဖော်ထုတ်လိုက်ပြီဖြစ်ပါသည်။ ကုလသမဂ္ဂအပါအဝင် လူသားတို့၏ သက်ရှင်ရပ်တည်ပိုင်ခွင့်အပေါ် လေးစားအသိအမှတ်ပြုသော ကမ္ဘာ့အဖွဲ့အစည်းများနှင့် ကမ္ဘာ့နိုင်ငံတို့က ARSA အကြမ်းဖက်အဖွဲ့၏ လူမဆန် သောရက်ရက်စက်စက် သတ်ဖြတ်မှုတို့ကိုအသိအမှတ်ပြု ရှုတ်ချရန် အချိန်ကျရောက်နေပြီဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ထုတ်လိုက်သည့် ARSA အကြမ်းဖက်အဖွဲ့၏ လူမဆန်သော ရက်ရက်စက်စက်သတ်ဖြတ်မှုတို့သည် အရေးပါသောနိုင်ငံရေးသက်ရောက်မှုတို့ကို ရည်ညွှန်းဖော်ပြနေပါသည်။ ပထမဦးစွာ ပြောနိုင်သည်မှာ ARSA အဖွဲ့သည်နိုင်ငံတကာက ပြောဆိုနေသကဲ့သို့ မတရားဖိနှိပ်မှုဆိုသည်များကို မခံနိုင်တော့သည့်အဆုံး ရရာလက်နက်စွဲကိုင်တော်လှန်သည်ဆိုသော ဘင်္ဂါလီမျိုးနွယ်တို့၏ လက်နက်ကိုင်အဖွဲ့ လုံးဝ၊ လုံးဝမဟုတ်၊ ARSA အဖွဲ့သည် ရက်စက်ကြမ်းကြုတ်သော အစွန်းရောက်အကြမ်းဖက်အဖွဲ့သာ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဖော်ထုတ်မှုအရ  ARSA အကြမ်းဖက်အဖွဲ့သည် ဟိန္ဒူဘာသာဝင် အမျိုးသမီးအချို့ကို အစ္စလာမ်ဘာသာသို့ အတင်းအကျပ်သွတ်သွင်းရန် ကြိုးပမ်းခဲ့ပါသည်။ ဤအချက်က ARSA အကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ကွန်ရက်နှင့် ချိတ်ဆက်မှုရှိနေသည်ကို ဖော်ပြနေပါသည်။ အထင်ရှားဆုံးမှာ ARSA အဖွဲ့သည် အင်္ဂါလီမျိုးနွယ်တို့၏ နိုင်ငံသားအခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေသောအဖွဲ့မဟုတ်၊ ၄င်းတို့၏နိုင်ငံရေးရည်ရွယ်ချက်အတွက် ဘင်္ဂါလီမျိုးနွယ်တို့အပေါ် ခုတုံးလုပ်အသုံးချနေသည့် အကြမ်းဖက်အဖွဲ့သာဖြစ်ပါသည်။ ဤသို့သော  ARSA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီ မျိုးနွယ်တို့ကိုရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန်အကျပ်ကိုင်လှုံ့ဆော်မှုမပြုဟု နိုင်ငံတကာက အဘယ်ကဲ့သို့သောအထောက်အထားဖြင့် အာမခံချက်ပေးပါမည်နည်း။

 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဖော်ထုတ်ချက်အရ ARSA အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ဟိန္ဒူ ပြည်သူ ၉၉ ဦးအထိလူမဆန်စွာရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြကြောင်း သိရှိကြပြီး ဖြစ်ပါသည်။ ARSA အကြမ်းဖက်အဖွဲ့သည် အသက် (၈)နှစ် အောက် ကလေးသူငယ်များကိုပင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါသည်။ ကမ္ဘာ့အကြမ်းဖက်လှုပ်ရှားမှုအား ပြင်းထန်စွာ ဆန့်ကျင်သည်ဆိုသော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အနေဖြင့် အပြည်ပြည်ဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ထုတ်လိုက်သည့် ARSA အကြမ်းဖက်အဖွဲ့၏ ရက်ရက်စက်စက်သတ်ဖြတ်မှုကို တာဝန်သိသိ အသိအမှတ်ပြုရှုတ်ချမည်ဟုမျှော်လင့်ပါသည်။ ဟိန္ဒူဘာသာဝင်တို့အပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုအပေါ် မျက်ကွယ်ပြု လျစ်လျူရှုထားပါက လူ့အခွင့်အရေးအပေါ်အမှန်တကယ်လေးစားသည်ဟု မည်သို့ဆိုနိုင်ပါမည်နည်း။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ထုတ်ဖော်တင်ပြချက်အပေါ် အခြေခံ၍ဆက်စပ်တွေးဆကောက်ချက်ချနိုင်သည်မှာ လက်ရှိရခိုင်ပြည်နယ် ပြဿနာကို လှုံ့ဆော်ဖန်တီးခဲ့သူတို့မှာ ARSA အကြမ်းဖက်အဖွဲ့သာဖြစ်သည်ဆိုသည့်အချက်ဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်ရခိုင်ပြည်နယ်၏ ရေရှည်တည်တံ့သောအဖြေကို ဆုပ်ကိုင်ရရှိလိုပါက အခြေခံအားဖြင့် ARSA အကြမ်းဖက်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်မှုတို့ကို အသိအမှတ်ပြု ရှုတ်ချရန်လိုအပ်ပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း