အဓွန့်ရှည်တည်တံ့စေရမည့် အဖိုးထိုက်ရတနာ

mdn

နေပြည်တော် ၁၁ ဇွန်

 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မှ စေတီပုထိုးများ ဖောက်ထွင်းခံရမှု၊ ပုဂံခေတ်ဦး နံရံဆေးရေး ပန်းချီများရှိသည့် လောကထိပ်ပန်ဘုရားမှ အကာအရံ ဝါးယင်းလိပ်ကို မီးရှို့မှု စသည့်သတင်းများက တွေ့မြင်ကြားသိ ရသူတိုင်း စိတ်မချမ်းမြေ့စရာဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ရေးအတွက်လည်း ရတက် မအေးဖွယ် ဖြစ်ရသည်။

 

အကျယ်အဝန်း ဟက်တာ ၅ဝဝဝ ကျော်ရှိသည့် နယ်မြေ အတွင်း ရှေးဟောင်းစေတီပုထိုးပေါင်း ၃၈ဝဝ ကျော် တည်ရှိနေ သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးက ၂၀၁၉ ခုနှစ် ဇူလိုင် လအတွင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြု ခဲ့ရာ မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြရသလို ပုဂံ ချစ်သူများနှင့် ပုဂံဒေသခံပြည်သူတို့မှာလည်း ပုဂံ၏ပစ္စုပ္ပန်နှင့် ပုဂံ၏အနာဂတ်အတွက် မျှော်လင့်ချက်များနှင့်အတူ ဝမ်းမြောက် အားတက်ခဲ့ကြသည်။ သို့ရာတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကမ္ဘာတစ်ခွင် ကူးစက်ပြန့်ပွားခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွား လာမှုများ လုံးဝရပ်ဆိုင်း သွားခဲ့သလို မြန်မာနိုင်ငံအတွင်းရှိ ဒေသ အသီးသီးတွင်လည်း ရောဂါကူးစက်မှု တားဆီးကာကွယ်ရေး အတွက် အသွားအလာများ ကန့်သတ်တားဆီးခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာလည်း လူသူကင်းရှင်းကာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ယင်းအခြေအနေကပင် ပုဂံ ရှေးဟောင်းဘုရားစေတီများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေသည့် အန္တရာယ်ကျရောက်စေခဲ့ခြင်း ဖြစ်သည်။

 

ပုဂံသည် ပထမမြန်မာနိုင်ငံတော်၏ ပြယုဂ်ဖြစ်ပြီး ကြီးကျယ် ခမ်းနားခဲ့သည့် အတိတ်သမိုင်းကို မျက်ဝါးထင်ထင် လက်ညှိုး ထိုးပြနိုင်သည့် နေရာဖြစ်သည်။ သို့ရာတွင် နှစ်ပေါင်း ၁ဝဝဝကျော် သက်တမ်းရှိပြီဖြစ်သည့်အတိုင်း ရာသီဥတုဘေးဒဏ်၊ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် ခေတ်အဆက် ဆက်မှ လူမသမာတို့၏ဘေးတို့ကို ကာလရှည်ကြာစွာ အကြိမ် ကြိမ်ခံစားခဲ့ရပြီး ထိခိုက်ပျက်စီးမှု၊ ဆုံးရှုံးမှုတို့၏ တန်ဖိုးတို့မှာ များပြားလှပြီဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်၏ တန်ဖိုးဟုဆိုရာတွင် ငွေကြေးတန်ဖိုးကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ သမိုင်းတန်ဖိုး၊ အမွေအနှစ်လက်ရာ၏ တန်ဖိုးအပြင် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာတန်ဖိုးတို့လည်း ပါဝင်နေခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက်မှ ကျန်ရစ်ခဲ့သည့် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ ဒေသအနှံ့အပြားတွင် မြေပေါ်မှာရော မြေအောက်မှာပါ ရှိနေရာ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန် မျက်မှောက်ကာလမျိုးဆက်တို့၌ တာဝန်ရှိနေသည်။

 

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ရာ ဥပဒေ၏ရည်ရွယ်ချက်များအနက် ယဉ်ကျေးမှုအမွေအနှစ်ဒေသ များနှင့် ယင်းဒေသအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များအား သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူတို့၏ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သစ်ပင်သစ်ကြောင့်ဖြစ်စေ၊ ပိုးမွှားများ၊ ငှက် တိရစ္ဆာန် များကြောင့်ဖြစ်စေ ယိုယွင်းဆုံးရှုံးပျက်စီးခြင်း မရှိစေရေးအတွက် ကာကွယ်ထိန်းသိမ်းရန်၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ဖျက်ဆီးမှုမခံရစေရေးအတွက် အကာအကွယ်ပေးရန် ဟူသော ရည်ရွယ်ချက်များလည်း ပါဝင်သည်။ ဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်များပါရှိရာ ရှေးဟောင်းအဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဖျက်ဆီးခြင်း၊ ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်းပုံသဏ္ဌာန်ကို ဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကိုဖြစ်စေ၊ မူလရှေးဟောင်း အမည်ကိုဖြစ်စေ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း၊ ရှေးဟောင်း ဝတ္ထုပစ္စည်းရှာဖွေရန် တူးဖော်ခြင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္တုရှာဖွေရန် တူးဖော် ခြင်း စသည့်ပြစ်မှုများအနက် တစ်ခုခုကို ကျူးလွန်ကြောင်း ထင်ရှားပါက အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ် ခံရမည့်အပြင် အနည်းဆုံး ကျပ်တစ်ဆယ် သိန်းမှ အများဆုံး ကျပ်သိန်း ၅ဝ အထိ ငွေဒဏ်လည်း ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

 

နိုင်ငံ၏ယဉ်ကျေးမှု အမွေအနှစ်များသည် နိုင်ငံသူ နိုင်ငံသား များအားလုံး အမွေဆက်ခံထားကြရသည့် တစ်မျိုးသားလုံး ပိုင်ဆိုင်သည့် အဖိုးထိုက် ရတနာများပင်ဖြစ်ရာ မိမိတို့ရှင်သန်စဉ်ကာလ တစ်လျှောက် ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်သလို အနာဂတ် မျိုးဆက်သစ်များသို့လည်း လက်ဆင့်ကမ်းပေးအပ်ကာ အခွန့်ရှည် တည်တံ့စေရမည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း