အဓိကကတော့ မိမိကိုယ်ကိုယ် ကာကွယ်ပါ၊ ငလျင်လေ့ကျင့်ခန်းတွေကိုလည်း လေ့ကျင့်ထားပါလို့ ပြောချင်တယ်

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း ရာသီ ဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေး အန္တရာယ်များကို တွေ့ ကြုံခံစားနေရသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်များနှင့် တွေ့ကြုံလာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်တတ်ရန်နှင့် စနစ်တကျ စီမံခန့်ခွဲနိုင်စေရန် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေး လျော့ပါးရေး အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတနိ်ုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ငလျင်ဘေးအန္တရာယ်၊ မီးဘေးအန္တရာယ် ဟောပြောသရုပ်ပြပွဲကို ကျင်းပရာ (UMFCCI) ညီနောင်အသင်းအဖွဲ့များ၊ လမ်းမတော်မြို့နယ်မှ ဟိုတယ်များ၊ ကုမ္ပဏီများမှ စိတ်ပါဝင်စားသူ ၁၅၀ ခန့် တက်ရောက်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သူများကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။

 

ဦးဝင်းရွှေ (ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး) 


၂၀၁၇ ဒီဇင်ဘာ ၂၆ ရက်ကစပြီး နေ့စဉ်ဆိုသလို မြေငလျင် လှုပ်ခတ်မှုတွေ ရှိခဲ့တယ်။ ဇန်နဝါရီ ၁၂ ရက်နေ့က ဖြူးမှာ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နေ့စဉ်နီးပါး ငလျင်လှုပ်ခတ်မှုတွေ ရှိနေခဲ့တယ်။ နေရာဒေသ အနေနဲ့ကြည်ရင် စစ်ကိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ အက်ဒမန်ကျွန်း၊ သံတွဲတို့မှာ လှုပ်ခတ်မှုတွေ ရှိခဲ့တယ်။ ဒီလို နေရာဒေသ တော်တော်များများမှာ လှုပ်ခတ်နေတဲ့အတွက် ငလျင်ကြီး မလှုပ်ခင် ငလျင်ငယ်တွေ အနေနဲ့ ဖြစ်နိုင်သလား။ ဖြူးငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်အနေနဲ့ ဖြစ်နိုင်သလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီလို မပြောနိုင်တဲ့အတွက် ပြည်သူတွေကို ငလျင်နဲ့ပတ်သက်တဲ့ အသိပညာရရှိဖို့ ရန်ကုန်တိုင်းဒေသကြီး ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြန်မာနိ်ုင်ငံ မီးသတ်တပ်ဖွဲ့ ၊ မြန်မာနိ်ုင်ငံ မြေငလျင်ကော်မတီနှင့် UN – Habitat တို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အရင်ကတော့ ပြည်သူတွေ ပူးပေါင်းပါဝင်မှု အားနည်းခဲ့တယ်။ အခုနောက်ပိုင်းမှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှု ရှိလာပါတယ်။ ကျွန်တော်တို့အနေနဲ့ ငလျင်နဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ ကျောင်းတွေမှာလည်း ကလေးသူငယ်တွေကို ငလျင်ဘေးအပြင် အခြားသော ဘေးအ္တရာယ်တွေနဲ့ ကြုံတွေ့တဲ့အခါ ဗဟုသုတတွေရှိဖို့ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်တဲ့ မြေငလျင် ဇာတ်တိုက်လေ့ကျင့်မှုတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒီလိုအသိပညာ ပေးဟောပြောမှုတွေကြောင့် ငလျင်လှုပ်တယ်ဆိုရင် မိမိကိုယ်ကိုယ် အကာအကွယ်ယူတာမျိုး၊ မိသားစုအနေနဲ့ လုံခြုံတဲ့နေရာ သတ်မှတ်ထားတာမျိုး၊ မိမိအိမ်မှာရှိတဲ့ ပြိုကျနိုင်တဲ့ ပစ္စည်းတွေကို စနစ်တကျ ချိတ်တွဲတာမျိုး၊ စတဲ့ အသိလေးတွေ ရှိလာမယ်။ ငလျင်လှုပ်တဲ့အချိန်မှာ လျှပ်စစ်မိန်းချတာမျိုး၊ လျှပ်စစ်သုံးလို့မရတာ၊ ဓာတ်လှေကားသုံးလို့ မရတာတွေ မိသားစု ဇာတ်တိုက်ထားတာမျိုး တွေဆုံရပ် သတ်မှတ်တာတွေနဲ့ အရေးပေါ် အိတ်ပြင်ဆင်တာတွေကို သိရှိခြင်းအားဖြင့် ဆုံးရှုံးမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အသိပညာရရှိဖို့ ကျွန်တော်တို့ ဆက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဟောပြောပွဲတွေအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ မိုဘိုင်းဖုန်းများမှာ အလွယ်တကူ ကြည့်ရှုနိုင်တဲ့ Disaster Alert Notification (DAN) ကို ပြုလုပ်ထားပါတယ်။ အဲဒီကနေ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးများ (မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး) အစရှိသဖြင့် ဘေးများ၏ မဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ နိုင်ငံတွင်းမှာ ဘယ်လိုသဘာဝဘေးတွေ ဖြစ်ပွားနေပြီး ဘယ်လို ထောက်ပံ့နေတယ်ဆိုတာ မိုးလေဝသနဲ့ဆိုင်တဲ့ သတင်းအချက်အလက် များကိုလည်း အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်ပါတယ်။ မိုဘိုင်းဖုန်းများမှ အသိပညာပေးမှုအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအဝင် အခြားသော ရုပ်မြင်သံကြားလိုင်းများ၊  FM ရေဒီယိုတို့မှလည်း အချိန်အခါအလိုက် ကျရောက်နိုင်သည့် သဘာဝဘေးများကို မီဒီယာကို အသုံးပြုပြီး နည်းလမ်းမျိုးစုံနဲ့ ပြည်သူတွေကို အသိပညာပေးမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတွေ အနေနဲ့လည်း သဘာဝဘေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစွာ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။

 

ဒေါ်လှလှအောင် (မြန်မာနိုင်ငံ ငလျင်ကော်မတီနာယက၊ သုတေသနပညာရှင်)


ငလျင်ကတော့ လှုပ်နေတယ်။ လူတွေသိနိုင်လောက်တဲ့ အနေအထား အင်အားသိပ်မကြီးဘူး။ အဲလိုလေးတွေတော့ လှုပ်နေတာပါပဲ။ သိပ်ပြီးအင်အားမကြီးတဲ့အတွက် လူတွေ သိပ်မသိဘူး။ အဲဒါ ပထမအချက်ပါ။ ဒုတိယအချက်ကတော့ နိ်ုင်ငံခြား မီဒီယာတွေမှာ ပြနေတဲ့အတွက် သူတို့ဆီမှာ ငလျင် လှုပ်ခတ်တာတွေကို လူတွေသိစေတယ်။ ငလျင်အကြီး လှုပ်တာတွေလည်းမြင်တော့ လူတွေ ကြောက်လာကြတယ်။ မြန်မာနိ်ုင်ငံအနေနဲ့ကတော့ အခုထိတော့ အကြီးတွေ မလှုပ်သေးဘူး။ ၆ ဒသမ ၈၊ ၆ ဒသမ ဝ လောက်အထိတော့ လှုပ်တယ်။ သူတို့ဆီမှာ လှုပ်တာတော့ ၇ ဒသမ ဝ ကျော်တယ်၊ အပျက်အစီး၊ လူသေတာများတယ်။ မြန်မာနိ်ုင်ငံမှာတော့ အပျက်အစီးတွေ နည်းတယ်။ မြန်မာနိ်ုင်ငံရဲ့အနေအထားကလည်း အပျက်အစီးများမယ့် အနေအထား မရှိသေးဘူး၊ သေကျေတဲ့ နှုန်းကလည်း နည်းတယ်။ အဲလိုဆိုတော့ လူတွေကသိပ်ပြီး အထိတ်တလန့် မဖြစ်သွားကြဘူး။ ဥပမာဆိုကြပါစို့ နာဂစ်ဖြစ်လိုက်တဲ့အခါ လူတွေ လန့်သွားကြတယ်။ ငလျင်နဲ့ပတ်သက်လို့ အများကြီး သေကျေတယ်ဆိုတာ မရှိတော့ လှုပ်တဲ့အချိန်မှာ နည်းနည်တော့ ကြောက်တယ်။ ဒါပေမယ့်သိပ်ပြီး ကြောက်သွားတာမရှိဘူး။ ငလျင်က စစ်ကိုင်းပြတ်ရွေ့မှာ နေ့တိုင်းလိုလို လှုပ်နေတယ်၊ ငလျင်ကတော့ နေရာတိုင်းမှာ လှုပ်နေတယ်။ ခုမှ ပိုလှုပ်လာတာမဟုတ်ဘူး၊ ခုကလူတွေက (Awareness) ပိုသိလာလို့ ပိုလှုပ်တယ်လို့ ထင်လာတာ။ ဘယ်လိုလုပ်ရမလဲဆိုရင် ကြိုတင်ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်လောက် ပမာဏနဲ့ ငလျင်လှုပ်မယ်ဆိုတာ မသိတဲ့ အနေအထားမှာ ကြိုတင်ပြင်ဆင်ပြီး ခိုင်ခံ့အောင် လုပ်ရထားမယ်။ အဓိက ကငလျင်လှုပ်တယ်ဆိုရင် ငလျင်ခါလိုက်လို့ သေတာမဟုတ်ဘူး။ ငလျင်လှုပ်လိုက်လို့ ခါလို့၊ အဆောက်အအုံက မခိုင်လို့ ပြိုကျလို့ သေတာပါ။ အဲတော့ ကိုယ်နေတဲ့ အဆောက်အအုံ၊ တိုက်တာကို ခိုင်ခံ့အောင် ဆောက်ထားမယ်ဆိုရင် ပြိုမကျတဲ့အတွက် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က သေကျေဆုံးရှုံးမှု နည်းတာ ဖြစ်ပါတယ်။ ဒါဆိုရင် အိမ်ကြီးကို ပြန်ဆောက်ရမှာလားဆိုပြီး မေးစရာရှိပါတယ်။ ပြန်ဆောက်စရာမလိုဘူး။ ခိုင်ခံ့အောင်လုပ်တဲ့ အင်ဂျင်နီယာ နည်းပညာတွေရှိတယ်၊ သစ်သားအိမ်ဖြစ်စေ၊ တိုက်ပဲဖြစ်စေ ခိုင်ခံ့အောင် လုပ်လို့ရတယ်။ အထပ်မြင့်တိုက်တွေကို နည်းပညာအသစ်ဖြစ်တဲ့ (Seismic Rubber Bearing) အထပ်မြင့်တိုက်ရဲ့ ဖောင်ဒေးရှင်းနဲ့ အပေါ်ပိုင်းတွေ ကြားထဲမှာခံလိုက်ရင် မြေအောက်ကလာတဲ့ ငလျင်လှိုင်း တုန်ခါတာကို အဲဒီကပဲ ဆွဲစုပ်ပြီး ယူသွားလိုက်တဲ့အတွက် အထပ်မြင့်မှာ ခါတာတက်မလာတော့ဘူး။ အဲဒီတော့ အပေါ်ထပ်မှာ နေတဲ့သူတွေလည်း ထိခိုက်နစ်နာမှု နည်းသွားတယ်။ လုပ်မယ်ဆိုရင် အင်ဂျင်နီယာတွေ၊ ငလျင်ကော်မတီတွေနဲ့ တိုင်ပင်ဆောင်ရွက်လို့ ရပါတယ်။ နောက်တစ်ခုက တစ်ကိုယ်ရေ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ ကိုယ်နေတဲ့အိမ်ကို ပြန်ပြီးပြင်ဆင်၊ ဆေးဝါးတွေ၊ အရေးကြီး စာရွက်စာတမ်းတွေကို စုစည်းထားဖို့ လိုတယ်၊ တယ်လီဖုန်းနံပါတ်တွေ မှတ်ထားရမယ်။ ဒါကတော့ အခြားနိုင်ငံတွေမှာ လုပ်လေ့ လုပ်ထရှိတဲ့ အချက်တွေကို ပြောပြတာပါ။ အဓိက အရေးကြီးဆုံးကတော့ ငလျင်လှုပ်ပြီဆိုရင် မိမိကိုယ်ကိုယ် ကာကွယ်ပါ။ အခုအချက်ကလေးက အရေးအကြီးဆုံးပါပဲ၊ အဲလို ကာကွယ်လိုက်ရင် ဘေးကင်းသွားမယ်၊ အတတ်နိုင်ဆုံး မိမိကိုယ်ကိုယ် ကာကွယ်ဖို့ လိုတယ်။ ငလျင်လေ့ကျင့်ခန်းကို တစ်ပတ်ကို တစ်ခါလောက် အမြဲလေ့ကျင့်ထားမယ်ဆိုရင် ဖြစ်တဲ့အချိန်မှာ ချက်ချင်းလုပ်နိုင်သွားမယ်။ ဖြစ်လာရင် ဆောင့်ကြောင့် ထိုင်ချလိုက်ပါ။ လက်နှစ်ဖက်ကို ယှက်ပြီးခေါင်းပေါ်တင်ပြီး ခေါင်းကိုငုံ့ထားပါ။ အနီးအနားမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်တဲ့ စားပွဲ၊ ခုတင်၊ ကုလားထိုင် လိုပစ္စည်းတွေကို ကြိုတင်ရှာထားပြီး ချက်ချင်းပြေးဝင်ရမယ်၊ ဝပ်နေရမယ်။ ငလျင်လှုပ်တာ ရပ်သွားပြီဆိုမှ ကွင်းပြင်ရှိတဲ့ နေရာကိုသွားရမယ်။ အဲဒါကို အလျင်အမြန် လုပ်ဖို့လိုတယ်။ လေ့ကျင့်ထားမှလည်း အလျင်အမြန် လုပ်နိုင်မယ်။ ငလျင်က ကြိုတင်ခန့်မှန်းလို့ မရဘူး။ လာခဲ့ရင်လည်း ကိုယ့်အတွက် အဆင်သင့်ဖြစ်တယ်။ အဓိကကတော့ မိမိကိုယ်ကိုယ် ကာကွယ်ပါ။ ငလျင် လေ့ကျင့်ခန်းတွေကိုလည်း လေ့ကျင့်ထားပါလို့ ပြောချင်တယ်။

 

ဒေါ်သိမ့်ရည်စိုး (UN- Habitat Knowledge Management Officer) 


UN- Habitat အနေနဲ့ ငလျင်နဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အခုနှစ်တွေမှာ ငလျင်လှုပ်ခတ်မှုက စိပ်လာခဲ့တယ်။ ၂၀၁၈ ခုနှစ်အတွင်း UN- Habitat အနေနဲ့ အသိပညာပေး လုပ်ငန်းတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။ ဒီနေ့မှာတော့ ငလျင်နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်တဲ့အခါ မိသားစု ကြိုတင်ပြင်ဆင်မှု အစီအစဉ်၊ အိမ်တွင်း ကြိုတင်ပြင်ဆင်မှုများ၊ ငလျင်လှုပ်ခတ်တဲ့အခါ ပရိဘောဂတွေ ပြုတ်ကျခဲ့ရင် ဘယ်လိုတွေ ပြင်ဆင်ထားရမယ်ဆိုတဲ့ အပိုင်းတွေကို ဟောပြောမှာပါ။ ငလျင်လှုပ်ခတ်ရင် ငလျင်ကြောင့် လူတွေသေဆုံးရတာ မဟုတ်ဘဲ ပရိဘောဂတွေ၊ အဆောက်အအုံတွေ ပိလို့ သေဆုံးရတာ ဖြစ်ပါတယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်ဖို့ လိုတဲ့အတွက် အဓိကထား အသိပညာပေးမှာ ဖြစ်ပါတယ်။ 


သတင်း-နန္ဒာဝင်း၊ ဝင်းဝင်းမော်၊ ဓာတ်ပုံ-လှမိုး