အစုလိုက်ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မက္ကဆီကိုနိုင်ငံက ဆွဲဆောင်မှုတစ်ခုဖြစ်လာ

mdn

ခြူးစန္ဒီနွေး - ရေးသားသည်

အမေရိကန်ဆီကို ဦးတည်လာတဲ့ ဗဟိုအမေရိကက ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် အမေရိကန်အနေနဲ့ စိတ်သောကရောက်နေရချိန်မှာ အိမ်နီးချင်းမက္ကဆီကို နိုင်ငံကတော့ တစ်မူထူးခြားပါတယ်။ မက္ကဆီကိုသမ္မတ သစ်ဟာ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်ခံရမှုတွေကြောင့် ဗဟိုအမေရိကကနေ ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို မက္ကဆီကိုမှာပဲ နေထိုင်ပြီး အလုပ်လုပ်ကိုင်ဖို့အတွက် တိုက်တွန်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဆွဲဆောင်မှုတစ်ရပ်ဖြစ်လာ ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့်ရရှိမှု လွယ်ကူအောင် လုပ်ဆောင်ပေးလျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ့် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အတွက်လည်း လုပ်ဆောင်နေပါတယ်။ မက္ကဆီကို သမ္မတ အန်းဒရက်စ် မနျူရယ်လီယိုပက်ဇ် အော်ဘရာဒေါ ရဲ့ လက်ရှိမူဝါဒကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဆွဲဆောင်မှုတစ်ရပ်ဖြစ်လို့နေပါတယ်။

လက်ရှိအခြေအနေအရ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့မဖြစ်နိုင်တဲ့အချိန် သမ္မတဒေါ်နယ်ထရမ့် က လူဝင်မှုကြီးကြပ်ရေးမှာ တင်းကျပ်မှုတွေ ပြုလုပ်နေတဲ့အချိန်၊ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် မကောင်းမြင်နေတဲ့အချိန်မျိုးမှာ မက္ကဆီကိုသမ္မတရဲ့ မူဝါဒတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဆွဲဆောင်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ 

ဖိအားတွေဖြစ်လာစေနိုင် 

မက္ကဆီကိုနိုင်ငံကို ဦးတည်နေတဲ့ ဗဟိုအမေရိကက ရွှေ့ပြောင်းနေထိုင်သူ လူဦးရေဟာ ၁၂၀ဝ၀ ခန့်ရှိနေပြီး အဲဒီအထဲက အများစုဟာ အမေရိကန်ကို ဆက်မသွားလိုဘဲ မက္ကဆီကိုနိုင်ငံ အတွင်းမှာပဲ နေထိုင်လိုကြ ပါတယ်။ မက္ကဆီကို သမ္မတသစ်ရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ်မှာ ထားတဲ့ရက်ရောမှုဟာ သူပေးထားတဲ့ ကတိဖြစ်တဲ့ နယ်စပ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ ကာကွယ်ပေးဖို့၊ မညီမျှမှုတွေကို လျှော့ချပေးဖို့ အစရှိတဲ့ ကတိတွေနဲ့တစ်ထပ်တည်း ကျနေပါတယ်။ မက္ကဆီကိုသမ္မတရဲ့ မူဝါဒဟာ မက္ကဆီကို-အမေရိကန် နယ်စပ်ကို ဖိအားတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အုပ်စုလိုက်ရွှေ့ပြောင်းနေထိုင် သူတွေဟာ နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံထဲ ကို ဝင်ရောက်နိုင်ဖို့အရေးကိုပဲ ဦးတည်ကြလို့ပါ။ 

ဆုံးဖြတ်ချက်ချ 

အစုလိုက် ရွှေ့ပြောင်းနေထိုင်ကြသူတွေ ပြောကြတာကတော့ မက္ကဆီကိုသမ္မတရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဗီဇာထုတ်ပေးမယ် ဆိုတဲ့စကားရယ် အဲဒီဗီဇာနဲ့ မက္ကဆီကိုနိုင်ငံအတွင်းမှာ တရားဝင်သွားလာနိုင်မယ်၊ အလုပ်လုပ်ကိုင် နိုင်မယ်ဆိုတာ သိရှိပြီးတဲ့နောက်မှာတော့ မူရင်း ဇာတိကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်လို့ ပြောကြပါတယ်။ ဂွါတီမာလာက ရွှေ့ပြောင်းလာတဲ့ ကျောင်းဆရာတစ်ဦးဖြစ်သူ ကားလို့စ်ဒီဗယ်လီကတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဗီဇာ ထုတ်ပေးနေတယ်ဆိုတဲ့ သတင်းစကားအရ ဗီဇာလျှောက်ဖို့အတွက် မက္ကဆီကိုနဲ့ ဂွါတီမာလာနယ်စပ်ကို လာခဲ့တာပါလို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းဆိုရင် ကျွန်တော်တို့ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရကောင်းရနိုင်တယ်လေလို့ သူက ဆက်ပြောပါတယ်။ 

မူဝါဒအသစ် 

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အနောက်တောင်ပိုင်း နယ်စပ်ကိုရောက်လာတဲ့ ခိုလှုံသူအဖြစ် လျှောက်ထားသူအများစုကို မက္ကဆီကိုနိုင်ငံဆီ ပြန်ပို့မယ့် မူဝါဒအသစ်တစ်ရပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ မူဝါဒအောက်မှာ ခိုလှုံသူအဖြစ် လျှောက်ထား သူတွေဟာ မက္ကဆီကိုနိုင်ငံအတွင်းမှာပဲ ဆုံးဖြတ် ချက်ကိုစောင့်ဆိုင်းရမှာဖြစ်ပြီး ဗဟိုအမေရိကက ရွှေ့ပြောင်းနေထိုင်သူ တွေဟာ အမေရိကန် ပြည်ထောင်စုအတွင်း ဝင်ရောက်ဖို့ စိတ်ကူးကို လက်လျှော့သွားဖို့ ရည်ရွယ်ထားတဲ့ မူဝါဒလည်း ဖြစ်တယ်။ 

ဗီဇာလျှောက်ကြ 

လက်ရှိဗဟိုအမေရိကကနေ ထွက်ခွာလာတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကပဲ ဟွန်ဒူးရပ်စ်နိုင်ငံ ဆန်ပီဒရိုဆူလာ မြို့ကနေ ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းနေ့ရက် တွေမှာတော့ ဂွါတီမာလာ -မက္ကဆီကိုနယ်စပ်ကို ရောက်ရှိလာခဲ့ပါတယ်။ မက္ကဆီကို အာဏာပိုင်တွေကတော့ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဗီဇာလျှောက်ထားဖို့ တိုက် တွန်းကြပါတယ်။ အဲဒီအချိန်ကစလို့ ဟွန်ဒူးရပ်စ် နိုင်ငံက အများစုပါဝင်တဲ့လူပေါင်း ၁၂၀ဝ၀ ခန့်ဟာ မက္ကဆီကိုနိုင်ငံတောင်ပိုင်း နယ်စပ်မြို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဗီဇာလျှောက်ထားခဲ့ပါတယ်။ အဲဒီထဲကတချို့ကတော့ အမေရိကန်ကို ဆက်မသွားလိုတော့ဘဲ မက္ကဆီကိုမှာပဲ အစိုးရက စီစဉ်ပေးတဲ့ အလုပ်တွေမှာ လုပ်ကိုင်လိုကြပါတယ်။ ဒါပေမယ့်တချို့ကတော့ ဒီဗီဇာကို အသုံးပြု ပြီး မက္ကဆီကိုနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ရဖို့ ရည်ရွယ်ပြီး မက္ကဆီကို နိုင်ငံမြောက် ပိုင်းနယ်စပ်အထိ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ဖို့ ရည်ရွယ်စိတ်ကူးထားကြတာပါ။ အဲဒီကမှတစ်ဆင့် အမေရိကန် နိုင်ငံအတွင်းကို ဝင်ရောက်ကြမယ်လို့ တွေးထားကြပါတယ်။ 

ထရမ့်၏အပြစ်တင်မှု 

အမေရိကန်သမ္မတထရမ့်ကတော့ ဗဟိုအမေရိကနိုင်ငံတွေနဲ့ မက္ကဆီကိုတို့ကို အစုလိုက် ပြောင်းရွှေ့ နေထိုင်ကြသူတွေကို မတားဆီးနိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ဒီအစုလိုက် ရွှေ့ပြောင်းကြသူတွေကို အမေရိကန်ရဲ့လုံခြုံရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခြိမ်းခြောက်နေကြတဲ့ ကျူးကျော်ကြသူတွေလို့ မြင်ပါတယ်။ ရွှေ့ပြောင်း အခြေချနေထိုင်သူအများစုကတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဗီဇာကိုလျှောက်ထား ကြဖို့ ရွေးချယ်ခဲ့ကြပါတယ်။ 

ဇန်နဝါရီ ၁၈ ရက်မှာတော့ ၁၅၀ဝ ခန့် ပါဝင်တဲ့ လူစုဟာ စီဒတ်ဟတ်ဒ်ဒိုကို စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကြပါတယ်။ မက္ကဆီကိုနယ်စပ်အရာရှိ တွေဟာ အဲဒီအုပ်စုကို ရပ်တန့်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒီအုပ်စုထဲက လူရာပေါင်းများစွာဟာ မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းနယ်စပ်ကို အတားအဆီးမဲ့ ဆက်လက် လျှောက်လှမ်းခဲ့ကြပါတယ်။ ရွှေ့ပြောင်းသွားလာသူအုပ်စု အရေအတွက် များလာ တာနဲ့အမျှ မက္ကဆီကိုမှာပဲ နေထိုင်နေခဲ့ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ 

အလုပ်အကိုင်အတွက်ရည်ရွယ် 

ဟွန်ဒူးရပ်စ်က အသက် ၂၇ နှစ်အရွယ် ဗားဂတ်ကတော့ သူ့အနေနဲ့ အလုပ်အကိုင်ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ နယ်စပ်ကို ဖြတ်ကျော်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဒီလိုအစုလိုက် ရွှေ့ပြောင်းမှုတွေရဲ့ အဓိကအကြောင်းပြချက် ကတော့ အလုပ်အကိုင် အခွင့်အလမ်း မရှိလို့ပါပဲ။ 

မက္ကဆီကိုသမ္မတကတော့ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းနဲ့ ဗဟိုအမေရိကနိုင်ငံတွေမှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေါ်လာ ၃၀ ဘီလီယံနဲ့ အတူ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာအောင်အလေးထားလျက်ရှိပါတယ်။ အသက် ၃၀ အရွယ် ဟွန်ဒူးရပ်စ်နိုင်ငံသား ဖရန့်ကလင်း ကာဘယ်လီရိုကတော့ သူဟာ အမေရိကန်နိုင်ငံအတွင်းမှာ အထောက်အထားမရှိဘဲ ခြောက်နှစ်ခန့် နေထိုင်ခဲ့တယ်လို့ ပြောပါတယ်။ 

ဒါပေမယ့် လိုင်စင်မရှိဘဲ ကားမောင်းတဲ့အတွက် နေရပ်ပြန်ပို့ခံရပြီး အခုလူစုလူဝေးနဲ့ ရွှေ့ပြောင်းကြသူ တွေထဲမှာ ပါလာပြန်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက် ကတော့ အမေရိကန်နိုင်ငံအတွင်း နောက်တစ်ကြိမ် ပြန်ဝင်ရောက်ခွင့်ရဖို့ပါပဲ။ သူဟာလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဗီဇာရရှိနိုင်ဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ထဲက တစ်ယောက်ဖြစ်ပြီး ဗီဇာရရင် မက္ကဆီကိုမြောက်ပိုင်း နယ်စပ် လူမှောင်ခိုသမားတွေကနေတစ်ဆင့် အမေရိကန်နိုင်ငံထဲကို ခိုးဝင်မယ်လို့ စီစဉ်ထားပါတယ်။ 

အလုပ်ရှာဖို့အဓိက 

ဒါပေမယ့် တချို့ကလည်း အမေရိကန်အထိ ဦးတည်သွားမယ့် မူလရည်ရွယ်ချက်ကို စွန့်လွှတ်ပြီး မက္ကဆီကိုမှာပဲ အလုပ်ရှာပြီး လုပ်ကိုင်ဖို့ စိတ်ကူးကြ တာလည်းရှိပါတယ်။ ဂွါတီမာလာက ရွှေ့ပြောင်း နေထိုင်သူအသက် ၅၀ အရွယ် အန်နာဘယ်လာ လိုပက်ဇ်ကတော့ “ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်က အလုပ်ရှာဖို့ပါပဲ။ အခုဆိုရင် အမေရိကန်ကို သွားဖို့ဆိုတာ အလွန်ကို ခက်ခဲသွားပါပြီ”လို့ သူက ဆက်ပြောပါတယ်။ 

မက္ကဆီကိုနိုင်ငံကို အသစ်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မက္ကဆီကိုအစိုးရက ဘယ်လိုမျိုး အထောက်အပံ့တွေ ပေးသွားမှာလဲ၊ ဒီလောက်လူအများကြီးကို မက္ကဆီကိုနိုင်ငံဟာ အဆင်ပြေပါ့မလားလို့ မစ္စလိုပက်ဇ် က သူ့စိတ်ကူး ထဲက အတွေးကို ပြောပြခဲ့ပါတယ်။ ။ 

ကိုးကား-နယူးယောက်တိုင်းမ်