ရန်ကုန် ဇွန် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းငါးလုပ်ငန်းစခန်း၌ ငါးသားပေါက်ထုတ်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် ငါးသားပေါက်ထုတ်လုပ်မှု လျာထားချက် ပြည့်မီကျော်လွန်ရေး၊ ဒေသ၏ ငါးမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးရန်နှင့် ရေဆင်းငါးလုပ်ငန်းစခန်း ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ စံချိန်စံညွှန်းမီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ဆွေးနွေးမှာကြား
ထို့နောက် ဇေယျာသီရိမြို့နယ်အတွင်း မိုးရာသီ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်လျက်ရှိသည့် မပိုက်ကယ်ရိုးတစ်လျှောက်နှင့် သက်နှင်းအင်းကျေးရွာ အောက်ပိုင်းတစ်လျှောက်ရှိ ချောင်းမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပေါင်းလောင်း ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ယခုနှစ်တွင် ကြုံတွေ့နိုင်သည့် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်မှုနှင့်အတူ မိုးခေါင်မိုးပြတ်ခြင်းကြောင့် ဆည်တမံများ၏ ဝင်ရေသိုလှောင်စုဆောင်းခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေ ပေးဝေခြင်းလုပ်ငန်းများအပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် ရေဝေ ရေလဲဧရိယာ၏ ရာသီဥတု၊ မိုးရွာသွန်းမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


