အစိုးရသစ်တစ်ရပ် ဖွဲ့စည်းလိုက်နိုင်ပြီဖြစ်တဲ့ ဒီအာရ်ကွန်ဂို

၂၇  သြဂုတ်

ယခင် အတိုက်အခံခေါင်းဆောင် ဖီးလစ်ရှီဆက်ကီဒီကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီး ရှစ်လနီးပါး အကြာမှာတော့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ ဩဂုတ် ၂၆ ရက်က òန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီòန့်ပေါင်းအစိုးရကိုတော့ ယခင်သမ္မတ ဂျိုးဆက်ဖ်ကာဘီလာရဲ့ ထောက်ခံသူတွေက လွှမ်းမိုးထားပါတယ်။ နောက်ဆုံးမှာတော့ အစိုးရဆိုတာရှိလာပါပြီ။ သမ္မတက အမိန့် (ဒီကရီ)ကို လက်မှတ်ရေးထိုးလိုက်ပါပြီ။ ကျွန်တော်တို့ မကြာမီမှာ အစိုးရရဲ့ အလုပ်တွေကို စတင်လည်ပတ် နိုင်တော့မှာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် ဆိုင်ဗက်ထရီ အီလွန်ဂါက သတင်းထောက်များ ကို ပြောကြားလိုက်ပါတယ်။

အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့

အစိုးရအကူးအပြောင်းကာလ ခုနစ်လလောက်အချိန်တွင်းမှာတော့ အစိုးရသစ်ဟာ ရှီဆက်ကီဒီရဲ့ ပြောင်းလဲရေး ညွှန်ကြားချက်အပါအဝင် ကာဘီလာရဲ့ ကွန်ဂိုတပ်ဦး (အက်ဖ်စီစီ)က လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စရပ် ၆၆ ခုလောက်ကို ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် ရှီဆက်ကီဒီဟာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်မယ်လို့ ကတိပေးခဲ့သလို အကျင့်ပျက်ခြစားမှုကိုလည်း အမြစ်မြေလှန်သွားမယ်လို့ ကြုံးဝါးနေတဲ့သူလည်းဖြစ်ပါတယ်။ သို့သော်လည်း သူ့အနေနဲ့ လက်ရှိမှာတော့ ဥပဒေပြုရေးအဖွဲ့နဲ့ အာဏာကို ခွဲဝေကျင့်သုံးသွားရမယ့် အနေအထားပါ။ ဥပဒေပြုရေးအဖွဲ့ဆိုတာလည်း အက်ဖ်စီစီရဲ့ လွှတ်တော်အမတ်တွေ လွှမ်းမိုးထားတဲ့နေရာ ဖြစ်ပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေဟာ အစိုးရရဲ့ ယန္တရားကို နှောင့်ယှက်ပိတ်ပင်မယ့် အတားအဆီးမှန်သမျှကို တွန်းလှန်ဖယ်ရှား နေတာကြောင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းဖို့ အချိန်အတော်ယူခဲ့ရပါတယ်လို့ ဝန်ကြီးချုပ် ဆိုင်ဗက်ထရီ အီလွန်ဂါက သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။

ပြောင်းလဲကြပါစို့

အစိုးရအဖွဲ့သစ်ဟာ သူ့ရဲ့အဖွဲ့ဝင်သစ်တွေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တယ်ဆိုတာနဲ့ အစိုးရယန္တရားကြီးကို စတင်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်လို့ သူက ဖြည့်စွက်ပြောကြားလိုက်ပါတယ်။ အစိုးရအဖွဲ့သစ်ကို သဘောတူဖို့အတွက် လွှတ်တော်ဟာ စက်တင်ဘာ ၇ ရက်အထိ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါကိုစောင့်ဆိုင်းရတာ စောင့်ရကျိုးနပ်မယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဝန်ကြီးချုပ် ဆိုင်ဗက်ထရီ အီလွန်ဂါက ဆက်လက်ပြောကြားပါတယ်။ ပြောင်းလဲရေးလမ်းညွှန်ချက်မှာ အခုဆိုရင် နိုင်ငံတော်အကြီးအကဲရဲ့ မျှော်မှန်းချက်တွေကို ရုပ်လုံးပေါ်လာဖို့ အစိုးရတစ်ရပ်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ပြောင်းလဲကြပါစို့။ အလုပ်စလုပ်ကြပါစို့လို့ ဝန်ကြီးချုပ်က ဆက်လက်ပြောကြားပါတယ်။

နိုင်ငံအရေးနဲ့ အမျိုးသမီးကဏ္ဍ

နိုင်ငံတော်ရဲ့ အစိုးရရာထူး ၁၇ ရာခိုင်နှုန်းကို အခုတော့ အမျိုးသမီးတွေ ရရှိလာပါပြီလို့ ဝန်ကြီးချုပ် ဆိုင်ဗက်ထရီ အီလွန်ဂါက ပြောပါတယ်။ ဒီရာခိုင်နှုန်းဟာ နည်းနေသေးတယ်လို့ ဆိုရမှာဖြစ်ပေမယ့်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်မှုကတော့ မျှမျှတတဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် ဆိုင်ဗက်ထရီ အီလွန်ဂါကပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကို ရှီဆက်ကီဒီရဲ့ ဒီမိုကရေစီနှင့် လူမှုရေးဆိုင်ရာ တိုးတက်မှုပါတီအဖွဲ့ဝင် မာရီတမ်ဘာနာဇီဇာကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သူဟာနိုင်ငံသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီ ဖြစ်ပါတယ်။ ယခင်ကနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမျိုးသမီးကတော့ အီကီလာလီယွန်ဒါဖြစ်ပြီး သူဟာ ၁၉၈၀ ပြည့်လွန်နှစ်များက ယခင်အာဏာရှင် မိုဘူတူ စီစီ စီကိုလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ တခြားအမျိုးသမီးများကို အလုပ်သမားဝန်ကြီးဌာနနဲ့ ကျားမရေးရာ ဝန်ကြီးဌာနတွေမှာ နာမည်စာရင်း တင်သွင်းထားပါတယ်။ ထို့အတူ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ထဲမှာ ဒုတိယဝန်ကြီးချုပ်ဟာ အမျိုးသမီးဖြစ်ပြီး ကာဘီလာရဲ့ ပါတီကဖြစ်ပါတယ်။ သူ့ကို အလက်စီမူနမ်ဘီလို့ခေါ်ပြီး သူဟာအစိုးရရဲ့ စီမံကိန်းပိုင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ စုစုပေါင်းအားဖြင့် အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်အဖွဲ့မှာ ဒုတိယဝန်ကြီးချုပ် စုစုပေါင်း ငါးဦးရှိတယ်လို့လည်း သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကို ကာဘီလာထောက်ခံသူနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်း မှာရှိတဲ့ အိုင်မီနွိုင်မူကီနာကို ပေးအပ်လိုက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကိုတော့ ကာဘီလာခေတ် အမှုထမ်းကောင်းတစ်ဦးဖြစ်တဲ့ ဂျို့စ်ဆယ်လီရာလာဂူလီကို ပေးအပ် ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကိုတော့ ရှီဆက်ကီဒီရဲ့ဒီမိုကရေစီနှင့်လူမှုရေးဆိုင်ရာ တိုးတက်မှုပါတီအဖွဲ့မှ နာမည်ကြီး ဂီလ်ဘာ့တ်ကန်ကွန်ဒီကို ပေးအပ်လိုက်ပါတယ်။ သူဟာ အနာဂတ်ကာလနဲ့ပတ်သက်ပြီး ဆူးခင်းလမ်းတွေကို ရင်ဆိုင်ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ အခုလိုပေါင်းစပ်ပါဝင်ဆောင်ရွက်ခြင်းကို ဝန်ကြီးချုပ်ကတော့ အရေးကြီးတဲ့ တီထွင်ဆန်းသစ်မှုကြီးအဖြစ် တင်စားခဲ့ပါတယ်။

စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်

ရှီဆက်ကီဒီဟာ ဒီဇင်ဘာ ၃၀ ရက်ရွေးကောက်ပွဲတွေမှာ ထင်ရှားစွာအောင်မြင်ခဲ့ပါတယ်။ ဓာတ်သတ္တု သယံဇာတပေါကြွယ်ဝတဲ့ ဒီအာရ်ကွန်ဂိုဟာ ၁၉၆၀ ပြည့်နှစ် ဘယ်လ်ဂျီယံထံမှ လွတ်လပ်ရေးရရှိခဲ့တဲ့ အချိန်မှစတင်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်မှာ ရွေးကောက်ပွဲတွေကို ပထမဦးဆုံးအကြိမ်ပြုလုပ်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

သို့သော်လည်း ၁၈ နှစ်ကြာ အာဏာကြီးစိုးခဲ့တဲ့ ကာဘီလာရဲ့ အရိပ်မည်းကြီးကြောင့် နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေဟာ ဆက်လက်တည်ရှိနေပါသေးတယ်။ သူဟာ သူ့အဖေလုပ်ကြံခံရပြီး ရက်သတ္တပတ်နှစ်ပတ်မပြည့်ခင် ၂၀ဝ၁ ခုနှစ်မှာ နိုင်ငံတော်အာဏာကို စတင်ရရှိခဲ့ပါတယ်။ သူ့အဖေလုပ်ကြံခံရချိန်နဲ့ တစ်ပြိုင်တည်းမှာပဲ ဒေသတွင်းနိုင်ငံခြောက်ခုဟာ ဒီအာရ်ကွန်ဂိုမြေပေါ်မှာ စစ်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ဒီအာရ်ကွန်ဂိုရဲ့ အရှေ့ပိုင်းပြည်နယ် အများအပြားဟာ အခုအချိန်အထိ မတည်ငြိမ်သေးပါဘူး။ သူပုန်လက်နက်ကိုင်တွေဟာ အရပ်သားတွေကို ရက်စက် ကြမ်းကြုတ်မှုတွေ ပြုတယ်လို့ စွပ်စွဲခံနေရပါသေးတယ်။ ဒါ့အပြင် အီဘိုလာရောဂါဖြစ်ပွားမှုကလည်း တောင်နဲ့မြောက် ကီဗူပြည်နယ်တွေမှာ တစ်နှစ်ထဲမှာပဲ လူအသက် ၂၀ဝ၀ ကျော်ဆုံးရှုံးစေခဲ့ပါတယ်။ ဒါတွေဟာ အခု တက်လာမယ့် ကျန်းမာရေးဝန်ကြီးအတွက်တော့ စိန်ခေါ်မှုတွေဖြစ်လာမှာပဲဖြစ်ပါတယ်။

ရုန်းမထွက်နိုင်သေးပါ

ကိုဘော့ဒြပ်စင်၊ ကြေးနီ၊ စိန်တွေနဲ့ တခြားသဘာဝတွင်းထွက်များ ထွက်ရှိသော်လည်း ဒီအာရ်ကွန်ဂိုဟာ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းဝင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိတဲ့အနက် ၁၇၆ နိုင်ငံမြောက် နိုင်ငံဘဝက ရုန်းမထွက် နိုင်သေးဘူး ဖြစ်နေပါတယ်။

ထို့အပြင် ဒီအာရ်ကွန်ဂိုမှာ ဆင်းရဲနွမ်းပါးမှုက ကျယ်ပြန့်ပြီး မညီမျှမှုတွေဟာ ဩချရလောက်ပါတယ်။ ထို့အပြင် အခြေခံပညာရေးမှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကို အခုတက်လာမယ့်အစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းသွားရမှာပဲ ဖြစ်ပါတယ်။ ဒီအာရ်ကွန်ဂိုနိုင်ငံဟာ ဆိုးရွားလှတဲ့ အခြေအနေတွေကနေ ရုန်းထွက်ရမှာ ဖြစ်ပါတယ်။ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဝင်သစ်တွေဟာလည်း ဒီအာရ်ကွန်ဂိုကို ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ အားခဲထားတာကို လည်းတွေ့ရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်မှာလား။ ဒီအာရ် ကွန်ဂိုပြည်သူတွေ တိုးတက်မှုတွေရလာမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့် သွားရမှာပဲဖြစ်ပါတယ်။ ။

ကိုးကား - အေအက်ဖ်ပီ