အစိုးရသစ်၏ တစ်နှစ်တာကာလ ဖွံ့ဖြိုးတိုးတက်လာသည့် စာအုပ်စာပေကဏ္ဍ

မောင်ငြိမ်းအေး

 

အမှောင်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခြင်းကို စာအုပ်စာပေ မြင့်မားတိုးတက်လာသည်ဟု ဆိုချင်ပါသည်။ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်လာရန်မှာ ပုံနှိပ်လောက ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါသည်။ လွတ်လပ်ရေးဆုံးရှုံးနေသောကာလကို အမှောင်ခေတ်ဟုဆိုပါသည်။ အမှောင်ခေတ်တွင် အနောက်နိုင်ငံများ၌ စက်မှုထွန်းကားလာသောကြောင့် ပုံနှိပ်လောကစတင်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ပုံနှိပ်လောကစတင်သည်နှင့် မြန်မာစာပေပုံနှိပ်စာများ ပြန့်ပွားမှု တစ်စတစ်စကြီးမား ကျယ်ပြန့်လာခဲ့သည်။

အစိုးရအပိုင်းတွင် အစောပိုင်းကာလကကိုလိုနီခေတ် Govermment Press အစိုးရပုံနှိပ်တိုက်ဟူ၍ရှိခဲ့ရာမှ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံတော်ပိုင်အစိုးရပုံနှိပ်တိုက်အဖြစ် ထုတ်ပြန်ချက်များ၊ ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ဖြန့်ဝေခဲ့ပြီး မြန်မာစာပေပြန့်ပွားရေးအတွက် စာပေဗိမာန်ကိုထူထောင်ခဲ့ကာမြန်မာစာပေ မြင့်မားတိုးတက်ပြန့်ပွားရေးကိုဆောင်ရွက်ခဲ့သည်။ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် အဆိုပါတာဝန်များကို ဆက်လက် ထမ်းဆောင်ခဲ့ပြီး ယခုအစိုးရသစ်လက်ထက်တွင် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေထုတ်ဝေဖြန့်ချိမှုများ တိုးတက်လာစေရေး၊ ပုံနှိပ်စာပေကို စာဖတ်ပရိသတ် များ ပိုမိုစိတ်ဝင်စားလာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

hjj

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်ပုံမှန်အားဖြင့် နိုင်ငံတော်ပြန်တမ်းများပုံနှိပ်ထုတ်လုပ် ဖြန့်ချိခြင်း၊ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသော အခြေခံပညာကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ထုတ်လုပ်ခြင်း၊အစိုးရဌာနများနှင့် ပုဂ္ဂလိကများမှ အပ်နှံသောပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကအပ်နှံသော ဆန္ဒမဲလက်မှတ်များအား ရိုက်နှိပ်ပေးခြင်းအပြင် စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံတွင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး၊ ပြန့်ပွားရေး၊ စာဖတ်ရှိန်မြင့်မားရေး လိုအပ်လျက်ရှိပြီး အဆိုပါလိုအပ်ချက်ကို အစိုးရသစ်၏တစ်နှစ်တာကာလအတွင်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်မှာ မြန်မာစာပေမြှင့်တင် ရေးအတွက် ထူးခြားသည့် ဆောင်ရွက်ချက်များဟုဆိုရမည်ဖြစ်သည်။ ပုံနှိပ်စာပေကိုစာဖတ်ပရိသတ်များ ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်လျက် စာတမ်းဖတ်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲတော်များကို စီစဉ်ဆောင်ရွက်ခဲ့ရာ စာပေချစ်မြတ်နိုးသူများပိုမိုလာရောက်ကြသဖြင့် အောင်မြင်မှုရသည်ဟု ပြောရမည်။

daad

နိုင်ငံရေးစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ယမန်နှစ် ဇူလိုင်၂၉ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့ရာ စာအုပ်ဈေးရောင်းပွဲတော်တွင် စာအုပ်ဆိုင်ခန်းပေါင်း ၁၇၀ကျော်က သုတ/ရသ စာအုပ်အမျိုးအစားများစွာကို အထူးဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ရာ စာအုပ်များကို လေ့လာကြည့်ရှုသူ၊ ဝယ်ယူအားပေးသူများဖြင့် အထူးစည်ကားခဲ့သည်မှာဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဒုတိယအကြိမ်စာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ယမန်နှစ်ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ပြီးရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အဆောက်အအုံအတွင်း စာအုပ်ဆိုင်ပေါင်း ၂၀ဝ ခန့်ဖွင့်လှစ်ကာ စာအုပ်များကို အထူးနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ စာအုပ်ကြည့်ရှုသူ၊ဝယ်ယူသူများဖြင့် အထူးစည်ကားခဲ့သည်။ တစ်ဆက်တည်းတွင် စာပေဗိမာန်စာအုပ် အရောင်းဆိုင်သစ်ကို စာပေဗိမာန်အဆောက်အအုံ၌ပင် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည်ကိုတွေ့ရပြန်ရာ စာအုပ်စာပေထုတ်ဝေဖြန့်ချိမှု ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ချက်ပင်ဖြစ်သည်။ စာပေဗိမာန်ထုတ်စာအုပ်များအပြင် ပြင်ပထုတ်စာအုပ်များကိုပါ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးရာတွင် နေရာထိုင်ခင်းကျယ်ကျယ်ဝန်းဝန်း သန့်သန့်ပြန့်ပြန့်နှင့်ကွန်ပျူတာဖြင့်စာအုပ်ရှာဖွေခြင်း၊ စာမြည်းခန်းများ ထားရှိပေးခြင်းတို့သည် စာပေမြတ်နိုးသူတို့အတွက် အခွင့်အလမ်းကောင်းပင်ဖြစ်သည်။

ယခုတလော ရန်ကုန်မြို့ ဝန်ကြီးများရုံးအနီးသို့ ရောက်ရှိခဲ့ရာတွင် စာပေလှုပ်ရှားမှုလုပ်ငန်းအသစ်ကို တွေ့ရပြန်သည်။စနေ၊ တနင်္ဂနွေ စာအုပ်ဈေးတန်း (Yangon Book Street) ကို အဆိုပါနေရာများရှိ ပလက်ဖောင်းများတွင် ဇန်နဝါရီ ၁ ရက်မှ စတင်ဖွင့်လှစ်ထားရာ နံနက် ၉ နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ်ထားသော စာအုပ်ဆိုင် ၁၆၉ ဆိုင်တွင် အလိုရှိရာစာအုပ်များကို လွတ်လွတ်လပ်လပ် ကြည့်ရှုဝယ်ယူနိုင်သည်မှာ အားရစရာဖြစ်သည်။

afddas

ကျင်းပခဲ့သော နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲများမှာ လူကြီးများသာမက လူငယ်လူရွယ်များပါ နိုင်ငံရေး အသိအမြင်များတိုးပွားစေသည်။ စာတမ်းဖတ်ပွဲတွင် နိုင်ငံရေးဆိုင်ရာကျွမ်းကျင်သူ စာပေပညာရှင်များကဖတ်ကြားကြပြီးနောက် တက်ရောက်လာကြသူ ပရိသတ်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းကြရာ စာပေပညာရှင်များက စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားသွားသည်မှာ ကျေနပ်စရာဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သော စာတမ်းများ၊ ပရိသတ်များက မေးမြန်းသည့်မေးခွန်းများ၊ ပြန်လည်ဖြေကြားချက်များကို နိုင်ငံရေးစာပေစာတမ်း စာအုပ်အဖြစ် ပထမတွဲ၊ ဒုတိယတွဲနှစ် အုပ်စုစည်းထုတ်ဝေပေးနိုင်သဖြင့် တန်ဖိုးကြီးသော နိုင်ငံရေးသမိုင်း အထောက်အထား များအဖြစ် တည်ရှိနေမည်ဖြစ်သည်။

ဒုတိယအကြိမ် စာတမ်းဖတ်ပွဲကို ဒုတိယအကြိမ် ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော်နှင့်အတူ အထက်ပါ အဆောက်အအုံ၌ တွဲဖက်ကျင်းပပေးခဲ့ရာ စာတမ်းဖတ်ပွဲတွင်ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းများကို ဖတ်ကြားခြင်း၊ သိလိုသည်များမေးမြန်းခြင်း၊ စာတမ်းရှင်များက ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီးဖတ်ကြားခဲ့သော စာတမ်း ၁၄ စောင်နှင့်အမေး၊ အဖြေကဏ္ဍများကို စုစည်း၍ သမိုင်းဆိုင်ရာစာပေစာတမ်း ပထမတွဲနှင့် ဒုတိယတွဲတို့ကို စာအုပ်အဖြစ်ရိုက်နှိပ်ထုတ်ဝေပြီးမကြာမီကာလတွင် ဖြန့်ချိတော့မည်ဖြစ်၍သမိုင်းဆိုင်ရာလေ့လာလိုသူများ၊ သမိုင်းမှတ်တမ်းအဖြစ် သိမ်းဆည်းထားလိုသူများက စောင့်မျှော်နေကြမည်ဖြစ်သည်။

kfd

စာပေမြင့်မားတိုးတက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ချက်တစ်ရပ်မှာ အစဉ်အဆက်ဆောင်ရွက်လာခဲ့သောအမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာဆုနှင့် စာပေဗိမာန်စာမူဆုများ ရွေးချယ်ဆုချီးမြှင့်ပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းသည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး၊ စာပေရေးသားခြင်းကို အားပေးချီးမြှောက်ရေးနှင့် စာမူရှင်အသစ်၊ စာပေကလောင်သစ်များပေါ်ထွက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုပင်ဖြစ်သည်။

အမျိုးသားစာပေဆု ချီးမြှင့်ရာတွင်ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထွက်ရှိလာသောစာအုပ်များအနက် ဆုရွေးချယ်ရန် သတ်မှတ်ချက်နှင့်ပြည့်စုံသည့် စာအုပ်များကို ဘာသာရပ် ၁၆ မျိုးခွဲခြား၍ ဘာသာရပ်အလိုက်အကောင်းဆုံးစာအုပ် တစ်အုပ်ကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ စာပေဗိမာန်စာမူဆုမှာဘာသာရပ် ၁၃ မျိုးခွဲခြား၍ စာမူများဖိတ်ခေါ်ကာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။အမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာဆုများကို နှစ်စဉ်ချီးမြှင့်ပေးခဲ့ရာတွင် စာပေပညာရှင်ကြီးများ ခေတ်ကာလနှင့်လျော်ညီစွာ ထိုက်တန်သောဆုများ ရရှိစေရေးအတွက် တစ်နှစ်ထက်တစ်နှစ် ချီးမြှင့်ငွေများကိုတိုးတက်ချီးမြှင့်ပေးထားသည်။ ယခုနှစ်တွင်အမျိုးသားစာပေတစ်သက်တာဆုကို ငွေကျပ်၂၅ သိန်း ချီးမြှင့်ပေးအပ်ခဲ့ပြီး အမျိုးသားစာပေဆုအတွက် ငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့သည်။စာပေဗိမာန်ဆုအတွက် ပေးအပ်ချီးမြှင့်ရာတွင် ဘာသာရပ်တစ်ခုစီအတွက် ပထမဆုကိုငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆုကို ငွေကျပ်ငါးသိန်းနှင့် တတိယဆုကို ငွေကျပ် သုံးသိန်းချီးမြှင့်ပေးလျက်ရှိသဖြင့် စာပေကလောင်ဟောင်းများရော၊ စာပေကလောင်သစ်များပါ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကြိုးပမ်းအားထုတ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

dbg

ပုံနှိပ်ထုတ်ဝေခြင်းအပိုင်းတွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကအပ်နှံသော ဆန္ဒမဲလက်မှတ်များကို အချိန်မီပုံနှိပ်ထုတ်လုပ်၍ အပ်နှံခဲ့ပြီးကြောင်းသိရသည်။ ထို့ အပြင် ယခုနှစ်ပညာသင်နှစ်အတွက်ပညာရေးဝန်ကြီးဌာနမှအပ်နှံသော အခြေခံပညာအလယ်တန်းအဆင့် အတန်းသုံးတန်းအတွက် ဘာသာရပ် ၂၁ မျိုး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ရည်မှန်းထားသောကာလအမီ ပြီးစီးရေးအတွက် ရန်ကုန်၊နေပြည်တော်၊ မန္တလေးမြို့တွင်ရှိသော ပုံနှိပ်တိုက်များတွင် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိပြီး ပုံမှန်ဆောင်ရွက်ရမည့် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများကိုလည်း လစ်ဟာမှုမရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပုံမှန်ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းဖြစ်သည့် စာအုပ်၊ စာစောင်များ ရိုက်နှိပ်ရေးသာမက စာပေတိုးတက်ပြန့်ပွားရေးကို ဦးစားပေးဆောင်ရွက်နေသည့်စာပေဗိမာန်ကလည်း ပြည်သူလူထုအတွက်အကျိုးရှိပြီး အစောပိုင်းကာလကတည်းကလက်ကိုင်ထား ခဲ့ကြသည့် မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၅ တွဲကို ပြန်လည်ပြုစုထုတ်ဝေရေး၊လူငယ်အကျိုးပြု ရှားပါးစာအုပ်များ ပြန်လည်ထုတ်ဝေရေး၊ ဈေးရောင်းပွဲများ၊ စာတမ်းဖတ်ပွဲများ ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းသည် ပြည်သူများအသိအမြင်ဗဟုသုတတိုးပွားရေးအတွက် ထူးခြားသောဆောင်ရွက်ချက်များဟုဆိုရမည်ဖြစ်သည်။ထိုသို့ ဆောင်ရွက်ခြင်းများအပြင်နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း အထက်တွင်ဖော်ပြခဲ့သည့် စာတမ်းဖတ်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲတော်များ၊စာတမ်းဖတ်ပွဲများမှ စာတမ်းများကိုစုစည်း၍စာအုပ်ထုတ်ဝေမှုများ၊ စနေ၊ တနင်္ဂနွေနေ့များတွင် စာအုပ်ဈေးတန်းများ ဖွင့်လှစ်ရောင်းချခြင်းလုပ်ငန်းများ စသည့် မြန်မာစာပေတိုးတက်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုများသည် ပြည်သူလူထု အကျိုးအတွက်ရှေးရှု၍ တိုးတက်ဆောင်ရွက်မှုများဖြစ်သည်ဟု ပြောရမည်ဖြစ်ပါသည်။