“အစိုးရကို ကူညီပံ့ပိုးတာထက် ကွက်လပ်ဖြည့်တာပါ”ဟု ဆိုသူ Youth Social Group မှ ကိုစိုင်းသူ

ရန်ကုန် ၂၉ ဇန်နဝါရီ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ပရဟိတအဖွဲ့ Youth Social Group (Ygn) တို့ ပူးပေါင်းကျင်းပသည့် ပထမဆုံးအကြိမ် မြို့နယ်အဆင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က  ရန်ကုန်မြို့ မြောက်ဥက္ကလာပ အဝိုင်းအနီးရှိ ဥတ္တရသီရိပန်းခြံတွင် ကျင်းပခဲ့ရာ Youth Social Group မှ တာဝန်ခံ ကိုစိုင်းသူက “အစိုးရကို ကူညီပံ့ပိုးတာထက် ကွက်လပ်ဖြည့်တာပါ။ အစိုးရအနေနဲ့ ဒီလိုနေရာမျိုးအထိတော့ လာလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ မြောက်ဥက္ကလာပလိုမျိုး မြို့နယ်တွေ အများကြီးရှိတယ်။ ဒီလိုပွဲ မျိုးက တကယ်ကို ဖြစ်သင့်တယ်။

 

 

ပွဲဈေးတန်း ဆိုတာထက် အများကြီး အဓိပ္ပာယ်ရှိတာတွေကို သူတို့တွေ ဖြတ်သန်းရတယ်။ ဒီမှာရှိတဲ့ ၁၉ ရပ်ကွက်လုံးက မိဘတွေကို ကလေးတွေ လာရောက် ပို့ဆောင်ပေးဖို့ တောင်းဆိုတယ်။ ရောက်အောင်လည်း စီစဉ်ပေးတယ်။

အခု ဒီကိုလာတဲ့ အထဲမှာ မြောက်ဥက္ကလာပ တစ်ခုတည်းတင် မဟုတ်ဘဲ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ လသာစတဲ့ မြို့နယ်က ကလေးတွေလည်း လာကြတာ တွေ့ရပါတယ်။ အဲဒီအတွက်လည်း အများကြီး ဆက်လုပ်သွားဖို့ အားတွေ ရှိလာပါတယ်။ အခုလုပ်တဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေး ပွဲတော်ကို နောက်ထပ် လှိုင်သာယာမှာ ထပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ Mobile Education ပုံစံမျိုးတွေလည်း သွားဖို့ ရည်ရွယ်ထားပါတယ်။ ဖေဖော်ဝါရီလလောက်မှာ စပြီး အကောင်အထည် ဖော်မှာပါ” ဟု ပြောသည်။

MDN