အဆင့်တစ်ခုမြင့်တက်လာပြီဖြစ်တဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ

၂၁  ဇွန်

တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်လို့ အငြင်းပွားနေခဲ့တာကြာပါပြီ။ အထူးသဖြင့် အမေရိကန်ဘက်က မကျေနပ်ချက်တွေပြောဆိုနေတာက အိုဘားမားလက်ထက်ကတည်းကပါပဲ။ ဒေါ်နယ်ထရန့်ကလည်း ရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက တရုတ်ကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်မယ်ဆိုတာမျိုး ပြောနေခဲ့တာဖြစ်တယ်။ အမေရိကန်သာ ပထမဆိုတဲ့ ကြွေးကြော်သံနဲ့ သမ္မတဖြစ်လာပြီးနောက်မှာတော့ ရွေးကောက်ပွဲကတိတွေအတိုင်း အကောင်အထည်ဖော်ဖို့ ကြိုးစားလာတော့တာဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာ ဖြေလျှော့မှုတွေ ဖြေလျှော့ပေးခဲ့

စစချင်း သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံဖို့လုပ်ခဲ့တာပါ။ ဒါက တရုတ်တစ်နိုင်ငံတည်းမဟုတ်ဘဲ ကနေဒါ၊ ဂျာမနီစတဲ့နိုင်ငံတွေပါဝင်ပါတယ်။ ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ တရုတ်ဘက်က ဒါဟာ လွတ်လပ်စွာကုန်သွယ်မှုစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်ကြောင်း WTO ကို တိုင်ကြားခဲ့သေးတာပါ။ ဒါ့အပြင် တရုတ်တို့ဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကနေ တရုတ်ကိုတင်ပို့နေတဲ့ ဝက်သား၊ ပန်းသီးနဲ့ ပဲအမျိုးမျိုးအပါအဝင် အခြားကုန်စည် ၁၀၆ မျိုးလောက်ကို အခွန်စည်းကြပ်မယ်လို့ကြေညာခဲ့တယ်။ အမေရိကန်ဘက်ကလည်း ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နဲ့ နည်းပညာများကို တရုတ်ဘက်က ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်လာဘီလီယံ ၅၀ ထပ်မံစည်းကြပ်မယ်လို့ ပြောပြန်ပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန်ပို့ကုန်များဖြစ်တဲ့ ပဲပိစပ်၊ မော်တော်ကားနဲ့ အသေးစားလေယာဉ်များအထိ အခွန်စည်းကြပ်မယ်လို့ ထုတ်ပြန်ခဲ့တယ်။ တရုတ်တို့ရဲ့လုပ်ရပ်ဟာ အခြေအနေကို နှစ်ဆပိုဆိုးရွားစေတယ်လို့ ထရန့်ကဆိုပါတယ်။ တရုတ်တို့ဟာ သူတို့ရဲ့လက်မခံနိုင်တဲ့ အပြုအမူအတွက ကုစားပေးရမယ့်အစား အမေရိကန်လယ်သမားတွေ၊ ထုတ်လုပ်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဖို့လမ်းကို ရွေးချယ်ခဲ့တယ်လို့ ထရန့်ကပြောပါတယ်။ အပေါ်မှာတင်ပြခဲ့သလို ၂၀၁၈ ဧပြီလ ၅ ရက်နေ့က တရုတ်ဘက်က WTO ကို တိုင်ကြားခဲ့တာပါ။ နောက် ဧပြီလ ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပတဲ့ တရုတ်ဒါးဗို့စ်လို့ခေါ်တဲ့ ဘိုအောစီးပွားရေးဖိုရမ်မှာ မော်တော်ကားအခွန်နှုန်း လျှော့ချတာအပါအဝင် အခြားသော ငွေကြေးဆိုင်ရာ ဖြေလျှော့မှုတွေတရုတ်ဘက်က ဖြေလျှော့ပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းဆွေးနွေးညှိနှိုင်းမှုများ တစ်ကြိမ်ပြီးတစ်ကြိမ် ကျင်းပခဲ့ရာမှ အတော်တိုးတက်မှုတွေ ရှိခဲ့တယ်လို့ဆိုတာဖြစ်ပါတယ်။ ဒါပေမဲ့နောက်ဆုံး ဒီနှစ် မေလ ၁၀ ရက်မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက်ဆွေးနွေးပွဲမှာတော့ တရုတ်တို့ဘက်က သဘောတူပြီးသားအချက်တွေကို ပြန်လည်ရုပ်သိမ်းနောက်ဆုတ်တာတွေ လုပ်လာတဲ့အတွက် အမေရိကန်ဘက်က အဲဒီနေ့မှာပဲ ဘီလီယံ ၂၀ဝ တန်ဖိုးရှိ တရုတ်ကုန်စည်များကို အခွန် ၂၅ ရာ ခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တရုတ်ဘက်က လည်း မကြာခင်မှာပဲ ဒေါ်လာဘီလီယံ ၆၀ ကျော်တန်ဖိုးရှိတဲ့ အမေရိကန်ကုန်စည်များကို အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြန်တာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးပြဿနာရဲ့ အရေးကြီးတဲ့အဆင့်တစ်ခုကို ရောက်သွားတာဖြစ်တယ်လို့ သုံးသပ်လာကြတာပါ။ မူလက တရုတ်-အမေရိကန် ကုန်သွယ်ရေးပဋိပက္ခ၊ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုစသဖြင့် သုံးစွဲခဲ့ကြရာက တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့အသုံးအနှုန်းအထိ ရောက်လာတာပါပဲ။

ပိုင်ဆိုင်မှုတန်ဖိုးတွေ မြင့်တက်လာ

မဝေးလှသေးတဲ့သမိုင်းကိုပြန်ကြည့်ရင် ၁၉၈၀ ပြည့်နှစ်များက အမေ ရိကန်-ဂျပန် ကုန်သွယ်ရေးပြဿနာဖြစ်ခဲ့တာ တွေ့ရမှာပါ။ အဲဒီအချိန်က ဆယ်စုနှစ်တစ်ခုအတွင်း ဂျပန်နဲ့ကုန်သွယ်ရာမှာ အမေရိကန်ဘက်က လိုငွေ ၂၅ ဆလောက် တက်သွားတာဖြစ်တယ်။ အဲဒီအခါမှာ အမေရိကန်နိုင်ငံရေးသမားများက ကုန်သွယ်ရေးအတားအဆီးတွေလုပ်ဖို့ တောင်းဆိုလာကြတာဖြစ်တယ်။ ကုန်သွယ်ရေးတင်းမာမှုတွေဖြေရှင်းဖို့၊ ဂျပန်ယန်းငွေတန်ဖိုး ကိုမြှင့်တင်ဖို့ အမေရိကန်ဘက်က ဖိအားပေးခဲ့တာပါ။ ဂျပန်ကိုအရေးယူဖို့ တိုက်တွန်းတဲ့အထဲမှာ ဒေါ်နယ်ထရန့်လည်း ထိပ်ဆုံးက ပါခဲ့တာဖြစ်တယ်။ နောက်ဆုံးမှာ ပလာဇာသဘောတူညီချက် (Plaza Accord-1985)ဆိုတာ ဖြစ်လာပါတယ်။ အဲဒီသဘောတူညီချက် လက်မှတ်ထိုးကြတဲ့အထဲမှာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့လည်း ပါကြတာဖြစ်တယ်။ ဒီငါးနိုင်ငံကြေညာချက်ထဲမှာ ဒေါ်လာကို တန်ဖိုးချဖို့နဲ့ ဒီလိုဖြစ်ဖို့အတွက် ဈေးကွက်ထဲမှာ ဝင်ရောက်စွက်ဖက်ဖို့ လိုတယ်ဆိုတာလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျပန်ယန်းငွေဟာ ဒေါ်လာနဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းလောက်အထိ တန်ဖိုးမြင့်တက်လာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပလာဇာသဘောတူညီချက်က ဂျပန်ကိုဒုက္ခရောက်စေခဲ့တာ ဖြစ်တယ်။ ယန်းငွေတန်ဖိုးမြင့်တက်လာခြင်းရဲ့ တန်ပြန်သက်ရောက်မှုက ပို့ကုန်တွေကျဆင်းလာတာ၊ အတိုးနှုန်း လျှော့ချပစ်ရတာနဲ့ ရှင်သန်နှိုးဆွရေးရန်ပုံငွေတွေ ငွေကြေးဈေးကွက်အတွင်း ထိုးသွင်းရတာတွေဖြစ်လာတာပါ။ အဲဒီလို လုပ်ဆောင်မှုတွေကတစ်ဆင့် စီးပွားရေးပြန်လည်နိုးထ လာစေပေမယ့် အက်ဆက်ပူဖောင်း(asset bubbles)လို့ခေါ်တဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေ မြင့်တက်လာတာဖြစ်တယ်။ ငါးနှစ်အတွင်းမှာ စတော့တန်ဖိုးနဲ့ မြေဈေးကွက်တွေ သုံးဆလောက် တက်လာတာပါ။ ၁၉၉၀ လောက်မှာတော့ဒီပူဖောင်းတွေ ပေါက်ကွဲသွားပြီး စီးပွားရေးကျဆင်းသွားတာဟာ ဂျပန်ရဲ့အရင်တုန်းက အနေအထားကို ပြန်မရောက်တော့ပါဘူး။ အခုတိုင်အောင်ဂျပန်ရဲ့ စတော့တန်ဖိုးက ၁၈၈၉ ခုနှစ်က အမြင့်ဆုံးရောက်ခဲ့တဲ့ တန်ဖိုးရဲ့ ၄၀ ရာ ခိုင်နှုန်းလောက်ပဲရှိတာဖြစ်ပါတယ်။ ပလာဇာသဘောတူညီချက်ဟာ အမေရိကန်နဲ့ ဂျပန်ကြား ကုန်သွယ်ရေးတင်းမာမှုကို လျှော့ချနိုင်ခဲ့ပေမယ့်ဂျပန်ကတော့ အမေရိကန်ကို စိန်ခေါ်သူအဆင့်ကနေ လျော့ကျသွားစေတာပါပဲ။

ဂျပန်အတွေ့အကြုံကနေ တရုတ်တို့အတွက် သင်ခန်းစာနှစ်ခုရတယ်လို့ ဆိုပါတယ်။ တစ်ခုက ကုန်သွယ်ရေးပဋိပက္ခကို တုံ့ပြန်ရာမှာ ပြည်တွင်းပေါ်လစီတွေ မှန်ကန်ဖို့လိုတယ်ဆိုတာပါ။ ငွေတန်ဖိုးမြှင့်တင်တာနဲ့ ဈေးကွက်အတွင်း ရှင်သန်နှိုးဆွရေးရန်ပုံငွေ ထိုးသွင်းတာတွေကို အလွန်အကျွံမဖြစ်ဖို့ပါ။ ဒုတိယတစ်ခုကတော့ အမေရိကန်တောင်းဆိုမှုများကို ခုခံခြင်းရဲ့အန္တရာယ်ပါ။ အကြောင်းကတော့ သူတို့ကိုအောင်မြင်ကြီးပွားလာစေတာက အမေရိကန်ပဲဖြစ်နေလို့ပါ။ တကယ်တော့ စီးပွားရေးမှာ နိုင်ငံခြားလုပ်ငန်းရှင်များ ဝင်ရောက်လာစေဖို့အတွက် အမြန်ဆုံး တံခါးဖွင့်ခြင်းကြောင့် ကြီးပွားစေမှာက အမေရိကန်မဟုတ်ဘဲ တရုတ်ပြည်ကိုယ်တိုင်ပါပဲ။

တရုတ်ပြည်ရဲ့မြင့်တက်လာမှုက ကမ္ဘာမှာလည်း ပြင်းထန်တဲ့ ရိုက်ခတ်မှုရှိပါတယ်။ တရုတ်ပြည်ဟာ အမေရိကန်အတွက် အလေးထားလောက်စရာ မဟာဗျူဟာပြိုင်ဘက်ဖြစ်သလို စီးပွားရေးအရ အကြီးမားဆုံးစိန်ခေါ်နိုင်သူလည်းဖြစ်ကာ အကြီးမားဆုံးကုန်သွယ်ရေးပါတနာလည်း ဖြစ်နေပါတယ်။ ဒါက ပုံစံအသစ်ဖြစ်ပါတယ်။ ဂျပန်နဲ့ ကုန်သွယ်ရေးကိစ္စဖြစ်တုန်းက အခြေအနေကိုပြန်ကြည့်ရင် အဲဒါဟာ နိုင်ငံရေးအရ အင်အားမမျှတဲ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဂျပန်ဟာ အဲဒီအချိန်က အမေရိကန်ကိုစစ်ရေးအရ မှီခိုနေရတာဖြစ်ပါတယ်။ ဆိုဗီယက်၊ ရုရှားနဲ့ဖြစ်တဲ့ကိစ္စကိုပြောရင်တော့ အတွေးအခေါ်အရသာ ရန်သူဖြစ်ပေမယ့် စီးပွားရေးပြိုင်ဘက်အဆင့်ကို မရောက်ခဲ့ပါဘူး။ ၁၉၈၇ ခုနှစ်လောက်က ရုရှားနဲ့နှစ်နိုင်ငံကုန်သွယ်မှုက တစ်နှစ်လုံးမှာမှ နှစ်ဘီလီယံဒေါ်လာလောက်ပဲရှိတာပါ။ အခု ၂၀၁၈ ခုနှစ်မှာ တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးက တစ်ရက်ကို နှစ်ဘီလီယံလောက်ရှိနေတာ ဖြစ်ပါတယ်။ အမေရိကန်ကုန်သွယ်မှု တစ်ခုလုံးရဲ့၁၃ ရာခိုင်နှုန်းရှိပါတယ်။ တရုတ်ပစ္စည်းတွေတင်သွင်းတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုရဲ့ အဆိုအရ နှစ်စဉ် တရုတ်ပစ္စည်းအမျိုးပေါင်း လေးသောင်းလောက်တင်သွင်းနေတာလို့ ဆိုပါတယ်။ ကမ္ဘာမှာ အမေရိကန်လောက် စားသုံးတဲ့နိုင်ငံမရှိသလို အဲဒီဖြုန်းအားကို မီအောင်ပေးသွင်းနိုင်တာလည်း တရုတ်တစ်နိုင်ငံပဲရှိတယ်လို့ ဆိုတာပါ။

မူလက အနောက်နိုင်ငံကခေါင်းဆောင်များရဲ့ယူဆချက်က တရုတ်ဟာ ကမ္ဘာ့စီးပွားရေးထဲ ဝင်ရောက်လာခြင်းအားဖြင့် အနောက်ဆန်လာမယ်။ ကြီးထွားလာမယ့်လူလတ်တန်းစားက လွတ်လပ်စွာပြောဆိုခွင့်တွေ၊ ပိုပြီးတာဝန်ခံမှု၊ ပွင့်လင်းမှုရှိတဲ့ အစိုးရမျိုးတွေကို တောင်းဆိုလာမယ်လို့ ထင်ခဲ့တာပါ။ သူတို့ မှားခဲ့ပါတယ်။ ၂၀ဝ၈ စီးပွားရေး အကျပ်အတည်းနဲ့ အနောက်နိုင်ငံတွေမှာပေါ် ပြူလာအများကြိုက်ဝါဒပျံ့နှံ့လာမှုတွေက တရုတ်ပြည်မှာ ကွန်မြူနစ်ခေါင်းဆောင်များကို ပိုပြီးအားကောင်းလာစေတာဖြစ်တယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်များအဖို့ အနောက်စံနှုန်းများကို ပယ်ချပြီး ပါတီခေါင်းဆောင်မှုကို အခိုင်အမာစိုက်ထူဖို့ ဖြစ်လာစေခဲ့တာပါ။

တားမြစ်နိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းလာ

တရုတ်ဘက်ကမြင့်မားတဲ့ မျှော်မှန်းချက်တွေကို စတင်ဖော်ထုတ်လာတာက ၂၀၁၅ အောက်တိုဘာလအတွင်းကပါ။ တရုတ်ပြည်က Made In China 2025 (MIC-2025)ဆိုတဲ့ ရေရှည်အမြင်ကို ဖော်ထုတ်လာတာပါ။ အဲဒီအထဲမှာ စက်ရုပ်နည်းပညာ၊ မောင်းသူမဲ့မော်တော်ကား၊ လျှပ်စစ်ယာဉ်များ၊ ဉာဏ်ရည်တုနည်းပညာ၊ ဇီဝနည်းပညာနဲ့ အာကာသနည်းပညာ စတဲ့ နယ်ပယ် ၁၀ ခုမှာ လွှမ်းမိုးနိုင်အောင် ကြိုးစားမယ်လို့ ကြေညာခဲ့တာပါ။ အဲဒီမှာ အမေရိကန်နဲ့ ဥရောပပုဂ္ဂိုလ်များ မျက်လုံးပြူးကုန်တာဖြစ်ပါတယ်။ မူလက တရုတ်တို့ကို အဆင့်နိမ့်နည်းပညာသုံး စက်မှုလုပ်ငန်းများအပေါ်မှာသာ ကူညီဖို့လုပ်ခဲ့ရာက အခုအဆင့်မြင့်နည်းပညာမှာပါ လွှမ်းမိုးဖို့ဖြစ်လာတော့ သူတို့ဘက်ကလည်း ပေါ်လစီပြောင်းရတော့မယ်လို့ ယူဆလာတာဖြစ်ပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံသားများက အဆင့်မြင့်နည်းပညာ သုံးစက်မှုလုပ်ငန်းတွေကို တရုတ်ကလိုက်လံဝယ်ယူနေမှုကို တားမြစ်နိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းလာကြတာဖြစ်တယ်။

အခုကုန်သွယ်ရေးစစ်ပွဲရဲ့ နောက်ဆုံးရောက်လာတဲ့အဆင့်က စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးတွေပါ ရောထွေးလာတဲ့အဆင့် ဖြစ်လာပါတယ်။ ဒါကြောင့်အဆင့်မြင့်နည်းပညာတွေကို ကန့်သတ်ခြင်းဟာ တရုတ်မိုဘိုင်းကုမ္ပဏီဟွာဝေးကို ဒဏ်ခတ်ရာမှာအသုံးပြုတဲ့ လက်နက်ဖြစ်လာပါတယ်။ ဟွာဝေးကို နည်းပညာတွေ ထောက်ပံ့နေတဲ့ ဂူဂဲလ်၊ ကွာလ်ကွန်းနဲ့ ARM စတဲ့ ကုမ္ပဏီတွေက အမေရိကန်အစိုးရခွင့်ပြုချက်မရမချင်း ထောက်ပံ့မှုတွေ ရပ်ဆိုင်းထားမှာဖြစ်တယ်။ ဒီရပ်ဆိုင်းမှုကို နောက်ပိုင်းမှာ ရက် ၉၀ ရွှေ့ဆိုင်းပေးခဲ့ပေမယ့် ဟွာဝေးအပေါ် ဆိုးကျိုးတွေက စတင်သက်ရောက်နေပြီဖြစ်ပါတယ်။ ARM ဆိုတဲ့ဗြိတိသျှကုမ္ပဏီက ဝင်ငွေ ၁ ဒသမ ၈ ဘီလီယံဒေါ်လာသာရှိပေမယ့် တစ်ကမ္ဘာလုံးရဲ့ Chip Design ၉၉ ရာခိုင်နှုန်းကို လိုင်စင်ရထားတာဖြစ်တယ်။ ARM ရဲ့ဖြတ်တောက်မှုက ဟွာဝေးကို ပိုအထိနာစေပါတယ်

ဘီလီယံနဲ့ချီတဲ့ အမြတ်အစွန်းတွေရရှိစေခဲ့

ဟွာဝေးကလည်း သူ့ကိုယ်ပိုင် OS(Operation System) ရှိတယ်လို့ဆိုတယ်။ အခု သူ့ရဲ့ဟုန်မုန့် (Hongmong)ဆိုတဲ့ OS ကိုမှတ်ပုံတင်လိုက်တယ်။ ရုရှားနဲ့လည်း Sailfish ဆိုတဲ့ OS ကို မျှဝေအသုံးပြုဖို့ လုပ်နေရတယ်။ ဟွာဝေးအနေနဲ့ အမေရိကန်နဲ့ အပေါင်းအပါနိုင်ငံများမှ အထောက်အပံ့မရတော့ရင် သူကိုယ်တိုင် တစ်စုံလုံးကို ဖန်တီးရမှာဖြစ်နေပါတယ်။ ဒါက အချိန်ယူရမယ့်ကိစ္စဖြစ်တယ်။ နည်းပညာနဲ့စံချိန်စံညွှန်းတွေက ဈေးကွက်များအလိုက် အမျိုးမျိုးဖြစ်ကုန်မှာဖြစ်တဲ့အတွက် နည်းပညာ ဘော်လကန်နိုက်ဇေးရှင်းလို့တောင် တင်စားပြောနေကြတာဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုတွေက မျှတမှုရှိသည့်တိုင်အောင် တစ်ခုသောတီထွင်မှုကို တစ်ဖက်ကရသွားတာနဲ့ ဒီယှဉ်ပြိုင်မှုက အဆုံးသတ်သွားတာဖြစ်တယ်။ နည်းပညာနယ်ပယ်မှာ ပထမဆုံးတီထွင်နိုင်သူက အကျိုးခံစားရတာဖြစ်တယ်။ စံချိန်စံညွှန်းတွေကို သူကသတ်မှတ်တာဖြစ်တယ်။ နောက်မှလိုက်ရတဲ့သူအတွက် လုပ်ဆောင်နိုင်တဲ့နေရာ နည်းနည်းသာကျန်ရှိစေတာဖြစ်ပြီး ရှေ့လူနောက်ကလိုက်ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အမေရိကန်လုပ်ငန်းတွေက 4G နဲ့ ဦးဆောင်ခဲ့တာဖြစ်တယ်။ ဒီလိုလွှမ်းမိုးထားနိုင်မှုကြောင့် အက်ပဲလ်၊ ဂူဂဲလ်နဲ့အခြားသော အမေရိကန်ကုမ္ပဏီများကို ဘီလီယံနဲ့ချီတဲ့ အမြတ်အစွန်းတွေရရှိစေခဲ့တာပါ။

ဒါကြောင့် တရုတ်ကုမ္ပဏီကလည်း 5G ကွန်ရက်ကို ၂၀ဝ၉-၂၀၁၀ လောက်ကတည်းက ဒေါ်လာနှစ်ဘီလီယံလောက်သုံးပြီး တီထွင်ဖို့ကြိုးစားခဲ့တာ ဖြစ်တယ်။ ၂၀၂၅ လောက်မှာ တစ်ကမ္ဘာလုံး 5G သုံးစွဲသူ သန်း ၄၆၀ လောက်အထိရှိလာလိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်တယ်။ 5G ဟာ 4G  ထက် အဆ ၁၀ဝ လောက်ပိုမြန်ပါတယ်။ နှစ်နာရီကြာတဲ့ ရုပ်ရှင်ကားတစ်ကားကို Download  ဆွဲရင် 4G  နဲ့ ခြောက်မိနစ်ကြာပေမယ့် 5G နဲ့ ၃ ဒသမ ၆ စက္ကန့်ပဲ ကြာမှာဖြစ်တယ်။ 5G ကို မောင်းသူမဲ့မော်တော်ကားတွေ၊ အဝေးထိန်းခွဲစိတ်မှုတွေအပြင် နယ်ပယ်အများစုမှာ သုံးနိုင်မယ်လို့ဆိုတာပါ။

ကမ္ဘာ့စီးပွားရေးကိုပါ တုံ့နှေးစေ

ဒါကြောင့် သတင်းနည်းပညာခေတ်မှာ ဝိုင်ယာလက်နည်းပညာကို ဦးဆောင်နိုင်တဲ့နိုင်ငံဟာ အနိုင်ရမယ်လို့ ဆိုကြတာပါ။ အမေရိကန်ရဲ့ဟွာဝေးကို အမည်မဲစာရင်းသွင်းခြင်းဟာ စီးပွားရေးနျူကလီးယားထိပ်ဖူးကိုအသုံးပြုပြီး သူ့ရဲ့အင်အားကို ခိုင်မာအောင်လုပ်တာပဲလို့ အီကိုနောမစ်မဂ္ဂဇင်းကရေးပါတယ်။ မေလ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရှန်ဂရီလာလုံခြုံရေးဒိုင်ယာလော့မှာ စင်ကာပူဝန်ကြီးချုပ်က တရုတ်ရဲ့ အင်အားကြီးမားလာမှုနဲ့အညီ နိုင်ငံတကာ စည်းမျဉ်းများကို ပြောင်းလဲရန်လိုအပ်နေပြီး ယင်းသို့ပြောင်းလဲရမည့်အခြေအနေကို အမေရိကန်ပြည်ထောင်စုက လက်ခံရန်လိုအပ်ကြောင်းပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖုန်းဟော်ကလည်း တရုတ်အနေနဲ့ ကမ္ဘာ့ထိပ်ဆုံးနေရာကို ရယူဖို့အင်အားမရှိသလို ရည်ရွယ်ချက်လည်းမရှိကြောင်း၊ ဒီနေရာကိုရယူဖို့ အမေရိကန်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်သွားမှာ မဟုတ်ကြောင်းပြောပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြားဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ဘယ်ဘက်က နိုင်မယ်ဆိုတာကို ဘယ်သူမှမပြောနိုင်ပေမယ့် ကုန်သွယ်ရေးစစ်ပွဲဟာ ရေရှည်ဖြစ်တော့မယ်ဆိုတာနဲ့ နှစ်ဖက်စလုံး ဆုံးရှုံးမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးကိုပါ တုံ့နှေးစေမယ်ဆိုတာကိုတော့ အတော်ပြောကြတာဖြစ်ပါတယ်။ ရှေ့မှာ ဘာဆက်ဖြစ်မယ်ဆိုတာကတော့ဒီလ ၂၈၊ ၂၉ ရက်မှာ ဂျပန်နိုင်ငံ အိုဆာကာမှာကျင်းပမယ့် G-20 ထိပ်သီး ဆွေးနွေးပွဲမှာတွေ့ကြမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ရဲ့ တွေ့ဆုံမှုရလဒ်တွေက အဆုံးအဖြတ်ပေးသွားမှာဖြစ်ကြောင်း တင်ပြရပါတယ်။ ။

အောင်ကျော်အေးချမ်း