အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် အီရန်လေကြောင်းကာကွယ်ရေးစနစ်ပျက်စီး

 

ဂျေရုဆလင် ဧပြီ ၂၁

အီရန် လေတပ်အခြေစိုက်စခန်းအနီးတွင် ဧပြီ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် နျူကလီးယားစက်ရုံများ ထားရှိသည့်နေရာတွင် လေကြောင်းကာကွယ်ရေးစနစ် ပျက်စီးခဲ့ကြောင်း နယူးယောက်တိုင်းမ်စ်တွင် ဖော်ပြထားသည်။

အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ရန် တပ်ဖြန့်ချထားသည့် အစ္စရေးလက်နက်သည် အစ္စဖာဟန်ပြည်နယ် အလယ်ပိုင်း နက်တန်ဇ်အနီး လေကြောင်းရန် ထောက်လှမ်းကာကွယ်ရေးစနစ်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု အနောက်အုပ်စုနှင့် အီရန်အရာရှိ များက ပြောကြားသည်ကို နယူးယောက်တိုင်းမ်တွင် ကိုးကားဖော်ပြထားသည်။ အစ္စရေးသည် အီရန် လေကြောင်းကာကွယ်ရေးစနစ်များကို ထောက်လှမ်းမရနိုင်အောင် ဖြတ်ကျော်နိုင်သည်ဟု ပြသရန်အတွက် ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်နိုင်ငံမှ အရာရှိများက ပြောသည်။

အစ္စဖာဟန်ပြည်နယ် လေတပ်အခြေစိုက်စခန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသေးစားဒရုန်း အများအပြားကို ပစ်ချခဲ့ကြောင်း အီရန်မီဒီယာများတွင် ဧပြီ ၁၉ ရက်က ဖော်ပြထားသည်။ အစ္စရေးသည် ၎င်းတို့၏ အဆင့်မြင့်စစ်ရေးစွမ်းဆောင်မှုကို ပြသရန်အတွက် ဧပြီ ၁၉ ရက်က တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ထိုစဉ် အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုထားသည့် ရှီးယားစစ်သွေးကြွအုပ်စုက ဘဂ္ဂဒက်မြို့မှ ၅၀ ကီလိုမီတာ အကွာတွင်ရှိသည့် ၎င်းတို့အခြေစိုက်စခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာတွင် ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် နောက်ထပ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

အင်န်အိတ်ချ်ကေ