အစာနှင့် ရေထဲမှအန္တရာယ်

 

ဆရာမဲဇာ

 

၁၈-၇-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်လှစ်ပွဲ သတင်းထဲ၌ “ပင်မဆောင်ရှိ ဓာတ်ခွဲခန်းတွင် Mercury (ပြဒါး)၊ Lead (ခဲ)စသော heavy metals (သတ္တုဓာတ်)များ ပါဝင်မှုနှုန်းစစ်ဆေးနေမှု၊ ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း (Active Pharmaceutical Ingredient) စစ်မှန်မှု ရှိ၊ မရှိနှင့် မလိုလားအပ်သော အရောအနှောများ ပါဝင်မှုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေမှု၊ အစားအသောက်များတွင် ဆိုးဆေးများနှင့် တာရှည်ခံဆေးဝါးများ ခွင့်ပြုပမာဏထက် ကျော်လွန်သုံးစွဲခြင်း ရှိ၊ မရှိ၊ အစား အသောက်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော မှိုပါဝင်ခြင်း ရှိ၊ မရှိ စမ်းသပ် စစ်ဆေးနေမှု၊ အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများ၏ စစ်မှန်မှုနှင့်အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု၊ စားသုံးဆီများ၏အမျိုးအစား စစ်မှန်မှု ရှိ၊ မရှိနှင့် ဆီအမျိုးအစားများ ပါဝင်သည့် ပြည့်ဝဆီနှင့် မပြည့်ဝဆီများပါရှိနေခြင်း ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်နေ’’ကြောင်း တွေ့ရပါသည်။

 

အစားအစာထုတ်လုပ်ရေးအတွက် သုံးရသောကုန်ကြမ်းများ၊ ဆေးဝါးထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများတွင် ဘေးအန္တရာယ်ရှိသော ဓာတ်သတ္တုပစ္စည်းများကို ထိထိရောက်ရောက်စစ်ဆေးပြီး ရလဒ်များကို ဥပဒေနှင့်အညီ ပြတ်ပြတ် သားသား စီမံခန့်ခွဲနိုင်ပါစေဟု ဆုတောင်းမိပါသည်။

 

ကျန်းမာလို၍ အစာကောင်းစားကြရသည်။ ရောဂါပျောက်လို၍ ဆေးကောင်းသောက်ရသည်။

 

လူတိုင်းအတွက် ဤလိုအပ်ချက် နှစ်ရပ်သည် တစ်သက်တာ တာဝန်ဖြစ်နေပါသည်။ လူ့ဘဝထဲ ဝင်ရောက်လာသော ရင်သွေးငယ်များကိုလည်း မိခင်နို့တိုက်ကျွေးရာမှအစ နို့ဖြတ်ကျွေးမွေးခြင်းအလယ် လိုအပ်သောဆေးဝါးများ တိုက်ကျွေးပြုစုရခြင်းအဆုံး မိဘတို့ဝတ္တရားများလည်းကြာလေ တာဝန်ကြီးလေ ဖြစ်လာပါသည်။ လူကြီးမိဘများ ကိုယ်တိုင် စားသောက်ရန် ဆေးဝါးများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရရှိရန်ပင် မနည်းကြိုးစား ရုန်းကန်နေရသည်ဖြစ်ရာ ကလေးများအတွက် ဂရုစိုက်နေရင်းက စိတ်အားငယ်စရာများ များလာပါသည်။ ရလဒ်ကား အာဟာရချို့တဲ့သောကလေးများ၊ ချူချာသောကလေးများ တစ်ပြည်လုံး တိုးပွားလာရ ခြင်းပင် ဖြစ်ပါသည်။

 

အစာဆေးဝါးဆိုင်ရာ ဓာတ်ခွဲခန်းများ

 

နိုင်ငံတော်က ချမှတ်ထားသော လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” အတွက် ဆောင်ရွက်စရာကိစ္စရပ်များတွင် အစား အစာဖူလုံမှု (Food Security)အတွက် ဆောင်ရွက် ရင်း လက်ဝယ်ရှိ အစားအစာများ၏ ဘေးအန္တရာယ် ကင်းရှင်းမှု (Food safety)ကို ဦးစားပေး စဉ်းစား လေ့လာရသည်။ သို့ဖြစ်၍ National Food Safety Policy “အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ ကင်းရှင်းရေး မူဝါဒ”ကို ပြဋ္ဌာန်း အကောင်အထည်ဖော်လျက်ရှိရာ ယခုဖွင့်လှစ်လိုက်သော အစာဆေးဝါးဆိုင်ရာ ဓာတ်ခွဲခန်းများသည် အထူးပင်အားကိုးစရာ ဖြစ်လာပါသည်။

 

“မြန်မာနိုင်ငံတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ သီးခြားဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်း ကြောင်း၊ နေပြည်တော် (ရုံးချုပ်)၊ ရန်ကုန်ရုံးနှင့် မန္တလေးရုံးခွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံးခွဲရုံးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၃ ခုတို့တွင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ ခရိုင်အသင်းရုံး ၃၃ ခုအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း” ကို သတင်းတွင် ဖော်ပြပါရှိပါသည်။

 

“သန့်လေးသန့်” ဆိုင်ရာ လုပ်ငန်းများ

 

ကျွန်တော်တို့ဌာနတွင် “သန့်လေးသန့်” ဆိုင်ရာ လူထုဘဝမြှင့်တင်ရေး လုပ်ငန်းများလုပ်ရင်း ရှေးယခင်ကတည်းက အစာဆေးဝါးပညာရှင်များ နှင့် ဆက်စပ်ဆောင်ရွက်ခဲ့ရပါသည်။ ဦးစီးဌာန မဖြစ်ခင် အမျိုးသားဓာတ်ခွဲဌာန (National Health Laboratory) လက်အောက်တွင် စတင်ဖွဲ့စည်းစဉ်က ပင် အစာနှင့်ရေကိစ္စများအတွက် ဆက်နွှယ်ခဲ့ရ သဖြင့် အစာသန့်၊ ရေသန့်၊ တစ်ကိုယ်ရေသန့်၊ ပတ်ဝန်းကျင်သန့်ဟူသော သန့်လေးသန့်ဆိုင်ရာ ကျန်းမာမှုမြှင့်တင်ရေးအတွက် ကျေးလက်ဒေသ ပေါင်း ထောင်နှင့်ချီ၍ ပြည်သူလူထုအခြေပြုစီမံ ချက်များကို ဆောင်ရွက်ခဲ့ရရာ လူထုထံမှတင်ပြလာ သော ဒေသဆိုင်ရာအခက်အခဲများကို ခေါင်းရှောင် ၍မရဘဲ ဖြေရှင်းနိုင်သမျှ ဖြေရှင်းခဲ့ရပါ၏။

 

ယင်လုံအိမ်သာစီမံချက်

 

ပျော်ဘွယ်မြို့နယ်တွင် “ကိုယ်တိုင်ဆောက် သုံးအကောင်းဆုံး” အိမ်သာစီမံချက်အတွက် တစ်မြို့နယ်လုံးတွင် ယင်လုံအိမ်သာ ဆောက်လုပ် သုံးစွဲလာအောင် စည်းရုံးဆောင်ရွက်ကြရာတွင် လူထုကပူးပေါင်းပါဝင်ကြ၏။ အဓိကမှာ ယူနီဆက် (UNICEF) အဖွဲ့က ဝယ်ယူထောက်ပံ့ပေးသော အိမ်သာများကို မှီခိုမှုကင်းပြီး ဒေသထွက်သစ်ဝါးများဖြင့် ကိုယ်တိုင်ဆောက်ရန်ပင်ဖြစ်ပါသည်။

 

ကိုယ်တိုင် ဆောက်လုပ်သုံးစွဲမှု (Do-it-yourself) ဖြင့် ပျော်ဘွယ်မြို့နယ်လုံးကျွတ် အိမ်သာစီမံချက်ကို မြန်မာပြည်တွင် ပထမဦးဆုံး အကောင်အထည်ဖော်ခဲ့ပြီး အောင်မြင်မှုရခဲ့ပါသည်။ သို့ရာတွင် ရွာလူထုကြုံတွေ့နေရသော အခက်အခဲ တစ်ခုကို မလွှဲသာမရှောင်သာ ဝင်၍ကူညီဖြေရှင်း ရပါ၏။ မြို့နယ်ထဲက ရွာတစ်ရွာတွင် သစ်ပင်များ ခြောက်၍ သစ်ရွက်ကြွေ၊ နွားများ သားလျှောမှု ဖြစ်ခဲ့ကြောင်း၊ တစ်ဖက်ရွာမှ ခဲကျို၍ထွက်လာသည့် ခဲဆိပ်များ အငွေ့ရိုက်၍ဖြစ်မည်ထင်ကြောင်း ပြောပြကြ၏။

 

ခဲဆိပ်သင့်မှု

 

မန္တလေးမြို့မှ သိမ်းကျုံးဝယ်လာသော ဘက်ထရီ လျှပ်စစ်အိုးဟောင်းများထဲမှ ခဲများကို ပြန်ကြို သန့်စင်မှုပြုနေသော လုပ်ငန်းမှာ သေးသေးဖွဲဖွဲတော့ မဟုတ်ပါ။ သေသေချာချာ ကွင်းဆင်းလေ့လာသောအခါ ထိုအထဲတွင်ပင် ကိုယ်ဝန်ဆောင်မိခင်အချို့ သားလျှောခြင်း၊ ကလေးအသေမွေးခြင်းများ ဖြစ်ခဲ့သည်ကို တွေ့ရပါသည်။ ဤလုပ်ငန်းအတွက် ကျန်းမာရေးဦးစီးဌာနအောက်ရှိ လုပ်ငန်းခွင် ကျန်းမာရေးဌာန ပညာရှင်များထံမှ အကူအညီ ယူခဲ့ရသည်။ ဤခဲဆိပ်သင့်မှုမှာ ခဲကျိုရာမှထွက်လာသော အငွေ့များကြောင့်ဖြစ်ပါ၏။ အလားတူ ဖြစ်စဉ်မျိုး မြိတ်မြို့တွင်လည်း ဖြစ်ခဲ့ပါသည်။ ဘက်ထရီရောင်းချရန် ခဲကျိုသောအလုပ်ကိုလုပ်ရင်း ကလေးများတွင် ခဲဆိပ်သင့်နေသည်ကို တွေ့ရသည်။ စစ်ဆေးကြည့်ရာ ရေထဲတွင် ပျော်ဝင်နေသော ခဲဆိပ်များကြောင့်ဖြစ်ကြောင်း တွေ့ရပြန်လေသည်။

 

ကလေးကစားစရာနှင့်ခဲဆိပ်

 

ခဲဆိပ်သည် လေမှလည်းလာ၏။ ရေမှလည်းလာ၏။ ဤမျှနှင့်မပြီး၊ ကလေး ကစားစရာများမှလည်း လာပါသည်။ မြန်မာနိုင်ငံ ဆေးသုတေသန ဌာနနှင့် ဂျပန်ပညာရှင်များ စုပေါင်းသုတေသနပြုရာ ကလေးကစားစရာများတွင် သုတ်သည့်ဆေးများ သည် အိမ်သုတ်ဆေးနှင့် အတူတူပင်ဖြစ်ပြီး ကစား စရာအရောင်ဆိုးရာ၌ ပါဝင်နေသည်ကို တွေ့ရ၏။ မူကြို၊ မူလတန်းကျောင်းများတွင် ဈေးပေါပေါဖြင့် ဝယ်သုံးသော ပလတ်စတစ်ထိုင်ခုံများမှာလည်း ခဲဆိပ်များပါဝင်နေသည်ကို တွေ့ရပါ၏။

 

မြန်မာ့ရိုးရာ ကစားစရာအရုပ်များဖြစ်သော ပစ်တိုင်းထောင်ရုပ်၊ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်၊ နွားရုပ်၊ ဗန္ဓုလဦးထုပ်တို့တွင် ခြယ်သထားသော ဆေးမှန် သမျှ အိမ်သုတ်ဆေးချည်းသာဖြစ်၍ ခဲဆိပ်နှင့်မကင်းချေ။ သို့ဖြစ်၍ မြန်မာ့ရိုးရာအရုပ်လေးများကို ဂျပန်နိုင်ငံက ရသလောက်ဝယ်မည်ဆိုသည့်တိုင် ရောင်းရန်စံချိန်မမီခဲ့ပါ။

 

ခဲပိုက်များကြောင့် ခဲဆိပ်သင့်မှု

 

ထို့ပြင် ယခင်ကရောင်းချသော ဓာတ်ဆီများတွင် ခဲသတ္တုထည့်သွင်းထားပါသည်။ ခဲမပါသော ဓာတ်ဆီ (Lead Free Petrol) များကို ဈေးပိုပေး၍ ဝယ်ခဲ့ကြရပါသည်။ သို့ရာတွင် လတ်တလောပြုပြင် ရန်ခက်လှသော ပြဿနာများမှာ ရေထဲတွင် ခဲဆိပ်သင့်နေမှုသည် ခဲပိုက်ဆက်များကြောင့် ဖြစ်ကြောင်း ပေါ်ထွက်လာခြင်းပင်ဖြစ်ပါသည်။ ယခင်က သံကျွတ်ပိုက်များနှင့် ဂျီအိုင်(GI)ပိုက် များသုံးရာတွင် ပိုက်ဆက်များကို ပျော့ပျောင်း၍ ကွေးညွတ်လွယ်သော ခဲပိုက်များဆက်စပ်၍ သုံးကြ ရပါသည်။

 

ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် နှစ်နှင့် ချီ၍ ကျောင်းများပိတ်ထားရရာ ရေအသုံးနည်း သဖြင့် ကျောင်းပြန်ဖွင့်ချိန် ကျောင်းသား ကျောင်းသူတို့၏ သောက်ရေထဲတွင် ခဲဆိပ်ပါနေ ကြောင်း အမေရိကန်ပြည်၌ တွေ့နေရပါသည်။

 

“There are still up to 12.8 million houses and apartment buildings connected to the water system with lead lines in the US” (Natural Resources Defense Council) ဟု ၂၀-၇-၂၀၂၂ ရက်နေ့က ထုတ်ပြန်သော စာတမ်း တစ်စောင်ကို ဂါဒီးယန်းသတင်းစာက ဖော်ပြ ခဲ့ပါသည်။ “အမေရိကန်ပြည်တွင် အိမ်ပေါင်း ၁၂ ဒသမ ၈ သန်းနှင့် တိုက်ခန်းများ၏ ရေပေးဝေရေး စနစ်တွင် ခဲပိုက်များကို သုံးစွဲထားကြောင်း ဖော်ပြထားပြီး ခဲဆိပ်သင့်သော ကလေးငယ်များ (လူမည်း၊ လူညိုဆင်းရဲသားများ)မှာ ရေပိုက်လဲလျှင် တပ်ဆင်ခ မပေးနိုင်သဖြင့် ငွေရှိသူများက ထ၍ပြင်ချိန်တွင် ခဲများရေထဲသို့ ပို၍ထွက်လာသဖြင့် ဒုက္ခတွေ့နေရ ကြောင်း ဖော်ပြထားပါသည်။

 

မြန်မာနိုင်ငံတွင်လည်း ရန်ကုန်နှင့် မော်လမြိုင်မြို့များ၌ ရှေးဟောင်းအဆောက်အအုံများများစွာ ရှိပါသည်။ လွတ်လပ်ရေးရပြီးနောက်မှ ဆောက် သော အဆောက်အအုံများတွင်လည်း ရေသွယ်ပေးရာ၌ ခဲပိုက်ဆက်များကို သုံးခဲ့ကြပါသည်။ သို့ရာ တွင် ခဲဆိပ်သင့်မှု ရှိ၊ မရှိ သုတေသနပြုထားခြင်း မရှိသေးပါ။ နောက်ပိုင်း အဆောက်အအုံများတွင်မူ ပလတ်စတစ်ပိုက်များကို အသုံးပြုကြသဖြင့် ခဲဆိပ် သင့်မှု ပြဿနာနည်းသွားမည်ဟု ယူဆခဲ့ရပါသည်။

 

ဖြေရှင်းရလွယ်လျက် လုပ်ရခက်

 

ခဲပိုက်ဆက်သုံးရာမှ ထွက်လာသော ရေ၏ အန္တရာယ်ကိုလည်း ယခု ကိုဗစ်-၁၉ ကာလတွင် ပို၍လေ့လာတွေ့ရှိဖြစ်ကြပြီး အမေရိကန်တွင်လည်း ပြုပြင်ရန် ကြိုးစားလျက်ရှိကြောင်း တွေ့ရပါသည်။ အိမ်သုတ်ဆေးများ အသုံးပြုထားသော ပလတ် စတစ်ပစ္စည်းများကြောင့် ကလေးငယ်များတွင် ခဲဆိပ်သင့်မှု ဖြစ်ပေါ်နိုင်ကြောင်း မြန်မာနိုင်ငံမှ ပညာရှင်အချို့ သိရှိထားကြသော်လည်း ကျယ်ပြန့် သည့် ပညာပေးဖြေရှင်းမှုများ မပြုနိုင်ကြသေးပါ။

 

ထိုခဲဆိပ်သင့်ပြဿနာကြောင့် ကလေးများ တွင် သွေးထဲ၌ ခဲဆိပ်များဝင်ကာ သွားဖုံးများ ပြာနှမ်းသည့် Blue Line gums များကိုသာမက တက်ခြင်း၊ အာရုံကြောပျက်စီးခြင်းများအထိ ဖြစ်နိုင်ကြောင်း သိရှိကြပြီးဖြစ်ပါသည်။ သို့ရာတွင် ရေသွယ်ယူမှုကိစ္စ၊ ခဲပါသောအိမ်သုတ်ဆေးကိစ္စများ ကို ဖြေရှင်းရာတွင်မူ အတော်ပင် အချိန်ယူရပေမည်။

 

ဖြေရှင်းရလွယ်လျက် လုပ်ရခက်နေသော လူလုပ်ခဲဆိပ်သင့်ပြဿနာတစ်ခုလည်း ရှိပါသေး သည်။ ရေချိုပုစွန်များ၏ ခေါင်းထဲတွင် ခဲများထည့်၍ ရောင်းချနေသောကိစ္စဖြစ်ပါသည်။ ပုစွန် အလေး ချိန်တိုး၍ ဈေးပိုရသည်မှန်သော်လည်း မလုပ်သင့် သောကိစ္စ ဖြစ်ပါသည်။

 

ဈေးဝယ်သူအနေဖြင့် ပုစွန်ခေါင်းထဲအထိ နှိုက်၍ကြည့်ရန်လည်း မဖြစ်နိုင်ပါ။ အပြင်မှ ဓာတ်မှန် ရိုက်စက်ဖြင့် စစ်ရန်လည်း လက်တွေ့လုပ်ရန် ခက်ခဲ ပါသည်။ ဈေးဝယ်သူမပြောနှင့် လက်လီရောင်းသော ဈေးသည်များပင် သိရန်ခက်ပါလိမ့်မည်။

 

ရေနှင့်အစာထဲတွင် ပါလာနိုင်သည့် ခဲဆိပ်၊ ပြဒါးဆိပ်၊ စိန်ဖြူအဆိပ်မှစ၍ အဆိပ်အမျိုးမျိုး အန္တရာယ်မှ ကာကွယ်ရန်အတွက် မြန်မာ့ FDA နှင့် အတူ ပါဝင်ကူညီရမည့်သူများ များစွာလိုအပ်နေပါပြီ။ ။