အစာအိမ်ရောဂါ

ရောဂါလက္ခဏာများမှာ ဗိုက်အပေါ်ပိုင်းနာကျင်ခြင်း၊ ရင်ဝတွင် မီးစနှင့် ထိုးသလိုပူခြင်း၊ အစာမကြေဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက် စားမရခြင်း၊ သွေးအန်ခြင်း၊ ဝမ်းအမည်းများသွားခြင်းတို့ဖြစ်နိုင်ပါသည်။ အစာအိမ်ရောင်သောလူနာအများစုမှာ ကြာရှည်စွာမခံစားရဘဲ လျင်မြန်စွာ ပျောက်ကင်းပြီး မည်သည့်ဆေးစစ်ချက်များ မလိုအပ်ပါ။ အစာအိမ်အနာရောဂါ (Peptic Ulcer) နှင့် အစာအိမ်ကင်ဆာ (Gastric Cancer) များအား အစာအိမ်ရောင်သောရောဂါနှင့် ခွဲခြားရန် မှန်ပြောင်း(Endoscopy) ကြည့်ပြီး အသားစ ယူသင့်ပါသည်။

 

ရုတ်တရက် အစာအိမ်ရောင်ရောဂါဖြစ်ရခြင်း အဓိကအကြောင်းအရင်းများမှာ အကိုက်အခဲပျောက်ဆေးများသောက်သုံးခြင်း၊ အကိုက်အခဲအရောင်ကျစေသော ဆေးဝါးများသည် အစာအိမ်နံရံကို ထိခိုက်မှုဖြစ်ကာ အစာအိမ်အနာများ၊ သွေးယိုစီးမှုများ ဖြစ်နိုင်ပါသည်၊ သွေးကျဲဆေးများ သုံးစွဲခြင်း၊ အစာအိမ် ဘက်တီးရီးယားပိုးဝင်ရောက်ခြင်း၊ အရက်၊ ဘီယာများ အလွန်အကျွံသောက်သုံးခြင်း၊ ပြင်းထန်သောဖိစီးမှု၊ ခေါင်းထိခိုက်မှု ဖြစ်ခြင်း၊ ကိုယ်တွင်းကလီစာများ ပျက်စီးခြင်း၊ အစာအိမ်ခွဲစိတ်မှု ခံယူပြီးနောက် သည်းခြေရည်များအပေါ်တက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ဗိုင်းရပ်စ်အချို့(ဥပမာရေယုန်ဗိုင်းရပ်စ်ပိုးကြောင့်လည်းဖြစ်နိုင်ပါသည်) 
နာတာရှည် အစာအိမ်ရောင် ရောဂါဖြစ်ရသော အကြောင်းအရင်းမှာ ဘက်တီးရီးယား (H-pylori)ကြောင့် ရောင်ရမ်းခြင်း၊ အလိုအလျောက် မိမိခုခံစွမ်းအားများက အစာအိမ်နံရံကို တိုက်ခိုက်သောကြောင့် အစာအိမ် ရောင်ခြင်း(Autoimmune Pernicious)အစာအိမ်ဖြတ်တောက်ပြီးသောလူနာများနှင့် အစာအိမ်အူရောင် ရောဂါတစ်မျိုးဖြစ်သော(Crown) ရောဂါကြောင့် ဖြစ်နိုင်ပါသည်။

 

ဘက်တီးရီးယား (H-pylori) ကြောင့် ဖြစ်သောနာတာရှည် အစာအိမ်ရောင်ခြင်းမှာ အစာအိမ်ရောဂါပိုးသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက်အရွယ်အလိုက် ဖြစ်ပွားနှုန်း မြင့်တက်လာပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ၅၀ နှစ်အထက် လူများတွင် ပိုးရှိသည့်နှုန်း ရာခိုင်နှုန်း ၅၀ ရှိပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ပိုးရှိသည့်နှုန်းမှာ များပြားပြီး ကလေးဘဝတွင်ပင် ရရှိနိုင်ပါသည်။ အချို့သူများတွင် ပိုးရှိနေသော်လည်း လူများတွင် ရောဂါလက္ခဏာများမပြပါ။ အူသိမ်အနာ လူနာ ရာခိုင်နှုန်း ၉၀ နှင့် အစာအိမ်အနာရှိသော လူနာ ရာခိုင်နှုန်း ၇၀ တို့သည် အစာအိမ်ရောဂါပိုးကြောင့်ဖြစ်သည်။ အစာအိမ်ရောဂါပိုးသည် အစာအိမ် အမြှေးပါးနံရံနှင့် ကပ်လျက်ရှိပါသည်။ လူတစ်ဦးနှင့် တစ်ဦး ကူးစက်နိုင်ပါသည်။ အစာအိမ်မှ ပြန်ထွက်လာသောအန်ဖက်များနှင့် ကူးနိုင်ပါသည်။အစာအိမ်ရောဂါပိုးသည်နာတာရှည် အစာအိမ်ရောင်ခြင်းကို ဖြစ်စေပြီး အစာအိမ်အမြှေးပါးကို ရောင်ရမ်းစေပါသည်။ ရာခိုင်နှုန်း ၃၀ အစာအိမ်အနာရှိသော လူနာများသည် အကိုက်အခဲပျောက်ဆေးကြောင့် ဖြစ်ပါသည်။ အစာအိမ်ရောဂါပိုးကို သေချာစွာစစ်ဆေးရန် လိုအပ်ပါသည်။ ပျောက်ကင်းသည်အထိကုသပါ။ ရောဂါပိုးကုပြီးလျှင်လည်း ပိုးကုန်၊ မကုန် ပြန်စစ်ရန်လိုပါသည်။ မြန်မာနိုင်ငံတွင် ပြုလုပ်ထားသော သုတေသနတွေ့ရှိချက်များအရ အစာအိမ်ပိုးဖြစ်ပွားမှုနှုန်းမှာ မြန်မာပြည်တွင် ရာခိုင်နှုန်း ၆၀ ခန့်ရှိပါသည်။

 

ရောဂါရှာဖွေခြင်း 

သွေးဖောက်၍ သွေးအားနည်း၊ မနည်း စစ်ဆေးသင့်သည်။ ဝမ်းဗိုက်အတွင်း အခြားရောဂါများရှိ၊ မရှိ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်သင့်သည်။ ကျောက်ကပ်နှင့် ဆီးချိုရောဂါရှိ၊ မရှိလည်း စစ်ဆေးသင့်ပါသည်။ အရေးကြီးလက္ခဏာရှိသူများသည် အစာအိမ်မှန်ပြောင်းကြည့်သင့်ပါသည်။ အစာအိမ်အတွင်း ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်းကိုလည်း ပြုလုပ်သင့်ပါသည်။ အရေးကြီးရောဂါလက္ခဏာများမှာ သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ သွေးအားနည်းခြင်း၊ မျက်စိဝါခြင်း၊ သိသိသာသာပိန်သွားခြင်း၊ လည်ပင်းနှင့် ဝမ်းဗိုက်တွင် အလုံးပေါ်ခြင်း၊ ရေဖျဉ်းရှိခြင်း၊ ခြေထောက်ရောင်ခြင်းတို့ ဖြစ်ပါသည်။ ထိုလူနာများသည် အစာအိမ်မှန်ပြောင်း မဖြစ်မနေကြည့်သင့်ပါသည်။ အစာအိမ်ကင်ဆာမျိုးရိုးရှိခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန်နှင့် ဆေးဓာတ်မှန်တွင် မသင်္ကာဖွယ်ရောဂါတွေ့ရှိသူများလည်း မှန်ပြောင်းကြည့်သင့်ပါသည်။ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း၏ အားသာချက်များမှာ
(၁) အစာအိမ်ရောဂါဖြစ်ရခြင်းအကြောင်းကို တိကျစွာ ဖော်ထုတ်နိုင်ခြင်း၊
(၂) ဆရာဝန်ကိုယ်တိုင်ပြုလုပ်ခြင်း၊
(၃) တွေ့ရှိသော ရောဂါကို ဓာတ်ပုံ၊ စီဒီတို့ဖြင့် မှတ်တမ်းယူနိုင်ခြင်း၊
(၄) အသားစ စစ်ဆေးနိုင်ခြင်း၊
(၅) အစာအိမ်ပိုး စစ်ဆေးနိုင်ခြင်း၊
(၆) ရောဂါအခြေအနေ စိုးရိမ်ဖွယ်ရှိ၊ မရှိ သိနိုင်ခြင်း၊
(၇) ကုသမှုကို တစ်ပြိုင်တည်း ပြုလုပ်နိုင်ခြင်းနှင့် အခြားအကျိုးကျေးဇူးများစွာရှိပါသည်။ သွေးထွက်သည့် နေရာကို အစာအိမ်မှန်ပြောင်းမှတစ်ဆင့် လိုအပ်သလို သွေးတိတ်အောင် တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ပါသည်။

 

ရောဂါကုသရန် 
အစာအိမ်ရောင်ရောဂါ ကုသရာတွင် အစာအိမ်ရောင်ရခြင်း၏ အကြောင်းအရင်းကို ကုသရန်လိုအပ်ပါသည်။ ရောဂါလက္ခဏာ သက်သာစေရန်အတွက် အက်စစ်ဓာတ်ပြယ်စေသောဆေးများ၊ အက်စစ်ဓာတ် ဖြစ်ပေါ်ခြင်းကို ဟန့်တားသောဆေးများ၊ အအန်ပျောက်စေသောဆေးများပေးနိုင်ပါသည်။ 

 

မည်မျှကြာကြာ ဆေးကုသရမလဲ 
အစာအိမ်အနာနှင့် အူသိမ်ဦးပိုင်းအနာတို့သည် ခြောက်ပတ်မှ ရှစ်ပတ်အထိ ဆေးသောက်ရန် လိုအပ်ပါသည်။ ရောဂါကို ပိုဆိုးစေသော ဆေးဝါးများမှာ အကိုက်အခဲပျောက်ဆေးများ၊ သွေးကျဲဆေးများနှင့် စတီးရိုက်ပါသော ဆေးများဖြစ်ပါသည်။

 

နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အစာအိမ်ထွက်ပေါက်ပိတ်ခြင်းနှင့်အစာအိမ်ကင်ဆာပြောင်းသွားခြင်းတို့ ဖြစ်နိုင်ပါသည်။

 

အစာအိမ်အနာ ပြန်ဖြစ်နိုင်ပါသလား 
အနာများသည် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာစွာစနစ်တကျ ကုသမှုခံယူပါက လေးပတ်မှ ရှစ်ပတ်အတွင်း ရာခိုင်နှုန်းပြည့်နီးပါး အနာကျက်ပြီး သက်သာပျောက်ကင်းပါသည်။ ပြန်ဖြစ်သည့် လူဦးရေမှာ အလွန်နည်းပါးသည်။ အကိုက်အခဲပျောက်ဆေးကြောင့် အနာဖြစ်ပါက နောက်ပိုင်းအကိုက်အခဲပျောက်ဆေး သောက်သည့်အချိန်တွင် ပြန်ဖြစ်နိုင်ပါသည်။

 

ခွဲစိတ်ရန်လိုပါသလား
ယခုခေတ်တွင် အစွမ်းထက်သည့် ဆေးဝါးများကြောင့် အစာအိမ်အနာကို ခွဲစိတ်ကုသရခြင်း အလွန်နည်းပါသည်။ သို့သော် အစာအိမ်ပေါက်ခြင်း၊ အစာအိမ်သွေးကြောပေါက်ခြင်းကို ဆေးဝါး၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ကုသ၍မနိုင်ခြင်း၊ ဆေးသောက်သော်လည်း အစာအိမ်ထွက်ပေါက်ပိတ်ခြင်းမှာ သက်သာမှုမရှိခြင်းနှင့် ကင်ဆာရောဂါကြောင့် အစာအိမ်အနာဖြစ်ခြင်းတို့တွင် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပါသည်။

 

လူနာများလိုက်နာရန်
အစာအိမ်ရောင်ရောဂါဖြစ်ပါက တတ်ကျွမ်းနားလည်သောသက်ဆိုင်ရာဆရာဝန်နှင့် ဆေးကုရန်လိုပါသည်။ အစားအစာကို အချိန်မှန်မှန်စားရမည်။ မလိုအပ်ဘဲ သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေးများ မသောက်ရပါ။ အရက်၊ ဘီယာများလည်း အလွန်အကျွံ မသောက်ကြရန်လိုပါသည်။ H-pylori ဘက်တီးရီးယားပိုးရှိပါကလည်း ပျောက်ကင်းအောင် ဆေးကုသသင့်ပါသည်။ အစာအိမ်ပိုးကို သေချာစွာ စစ်ဆေးခြင်း၊ ပျောက်ကင်းအောင် ကုသခြင်း၊ ကုသပြီး ပိုးကုန်၊ မကုန် ပြန်လည်စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။ အစာအိမ်ရောဂါရှိသူများအနေဖြင့် အကိုက်အခဲပျောက်ဆေးများကိုပါးစပ်မှ သောက်ခြင်း၊ စအိုမှ သွင်းခြင်း၊ အကြောမှ ထိုးခြင်း၊ အသားဆေးထိုးခြင်းများ မပြုလုပ်သင့်ပါ။ လိုအပ်လျှင် ပါရာစီတမောဆေးကို အကိုက်အခဲပျောက်ရန် အသုံးပြုနိုင်ပါသည်။ အကိုက်အခဲပျောက်ဆေးများ မဖြစ်မနေ သောက်ရမည်ဆိုလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သင့်ပါသည်။

 

ပါမောက္ခ ဒေါက်တာသိန်းမြင့် (YGH-GI)

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/dr_thein_myint.JPG