အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း လက်ရှိချန်ပီယံဂျပန်ကို အရေးနိမ့်

ဇန်နဝါရီ   ၂၁

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စု (ဂ) ပထမနေ့ကို ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် လက်ရှိချန်ပီယံ ဂျပန်အသင်းကို ငါးဂိုးပြတ်အရေးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ဂျပန်အသင်းနှင့် အဘက်ဘက်မှ ကွာခြားသော်လည်း အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ငါးဂိုးပြတ်ဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ဂျပန်အသင်းနှင့် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် ခုနစ်ဂိုးပြတ်၊ ရှစ်ဂိုးပြတ်တို့ဖြင့် အရေးနိမ့်ခဲ့သော်လည်း ယခုအကြိမ်တွေ့ဆုံမှုတွင် ပေးဂိုးနည်းအောင် စွမ်းဆောင်နိုင်ခဲ့သည်။

မြန်မာအသင်းသည် မေဇင်နွယ် (ဂိုး)၊ အေးအေးမိုး၊ ချစ်ချစ်၊ ဖြူဖြူဝင်း၊ သင်းသင်းယု၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဂျူလှိုင်ကျော်၊ နုနု၊ ခင်သန်းဝေတို့ဖြင့် ပွဲထွက်ခဲ့ပြီး အိန္ဒိယကလပ်တွင် ကစားနေသည့် အဓိကတိုက်စစ်မှူး ဝင်းသိဂီထွန်းမှာမူ ကိုဗစ်ကူးစက်ခံထားရသဖြင့် ယခုပွဲတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ေပ။ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲဖူးသည့် ဂျပန်အသင်းသည် အင်အားကြီးဖြစ်သည့်အားလျော်စွာ ပွဲစကတည်းက မြန်မာအသင်းကို တစ်ဖတ်သတ် ဖိကစားနိုင်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် လေးဂိုးပေးလိုက်ရသဖြင့် ပေးဂိုးများသွားခြင်းဖြစ်သည်။ ယခုပွဲတွင် မြန်မာဂိုးသမား မေဇင်နွယ် သေချာပေါက် အခွင့်အရေးအချို့ကို ကာကွယ်နိုင်ခဲ့သည်။ ဂျပန်အသင်းအတွက် အနိုင်ဂိုးများကို ၂၂ မိနစ်တွင် ယူအိကို၊ ၄၇၊ ၉၀+၂ မိနစ်တွင် ဟဆဲဂါဝါ၊ ၅၂ မိနစ်တွင် နာအိုမိုတို၊ မိနစ် ၇၀ တွင် နာယူမီရာတို့က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-AFC