အာရပ်စော်ဘွားများပြည်ထောင်စုက အင်္ဂါဂြိုဟ်သို့ ပထမဆုံးအကြိမ် သမိုင်းဝင်လေ့လာရေး မစ်ရှင်စတင်

အဘူဒါဘီ ၂၁ ဇူလိုင်


အာရပ်စော်ဘွားများပြည်ထောင်စု၏ အင်္ဂါဂြိုဟ်သို့ ပထမဆုံးအကြိမ်သမိုင်းဝင် လေ့လာရေးမစ်ရှင်ကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ လေ့လာရေးခရီးစဉ် သွားရောက်မည့် အာကာသယာဉ်ကို ဂျပန်နိုင်ငံရှိ တာနီဂါရှီမာ အာကာသစခန်းမှ အိတ်ချ်တူးအေ ဒုံးပျံဖြင့် ဇူလိုင် ၁၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။


ရာသီဥတုအခြေအနေကြောင့် နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်း


အင်္ဂါဂြိုဟ်သို့ လေ့လာရေးခရီးစဉ်သွားရောက်မည့် အယ်လ်အာမယ် (မျှော်လင့်ခြင်း) ဟု အမည်ရသည့် အာကာသယာဉ်အား ဒုံးကျည်ဖြင့် လွှတ်တင်ခဲ့မှုကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ဖော်ပြကြောင်း သိရသည်။ မူလက အာကာသ ယာဉ်လွှတ်တင်မှုကို ဇူလိုင် ၁၄ ရက်တွင် လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသည်။


အာကာသယာဉ် Hope Probe ၏ သိပ္ပံဆိုင်ရာ ခေါင်းဆောင်ဆာရာ အယ်လ်အမီရီက အင်္ဂါဂြိုဟ်သို့ သွားရောက်လေ့လာမည့် မစ်ရှင်ခရီးစဉ်သည် မျိုးဆက်သစ်တစ်ရပ်လုံးအတွက် မှတ်ကျောက် တစ်ခုဖြစ်ပြီး ပိုမိုကြီးမားသည့် စိတ်ကူးယဉ်အိပ်မက်များမက်ရန် လူတိုင်းကို လှုံ့ဆော်လိုက်သည့်အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။


အချက်အလက်ကောက်ယူ စုစည်းမှုများ လုပ်ဆောင်မည်


ယခုလွှတ်တင်လိုက်သည့် အာကာသယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး လေ့လာရေးမစ်ရှင်အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်ရှိ လေထုအခြေအနေကို လေ့လာမည်ဖြစ်ကာ နှစ်နှစ်ကြာအောင် အချက်အလက်ကောက်ယူ စုစည်းမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လေ့လာရေးမစ်ရှင်ကို ၂၀၂၅ မတိုင်မီအထိ အချိန်ထပ်တိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။

 

အေအက်ဖ်ပီ