အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဖိလစ်ပိုင် အဆုံးအဖြတ်ပွဲကစားမည်

စက်တင်ဘာ ၂၈

 

တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် အဆုံးအဖြတ်ပွဲ ကစားရမည်ဖြစ်သည်။

 

အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးငါးသင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း စုစုပေါင်းရှစ်သင်းသာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရောက်ရေး ဖိလစ်ပိုင်ကို အနိုင်ကစားရန် လိုအပ်သလို အခြားအုပ်စုရလဒ်များကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ 

 

မြန်မာအသင်းပါဝင်သည့် အုပ်စု (E) နောက်ဆုံးနေ့ကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် တစ်ချိန်တည်းကစားမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ တောင်ကိုရီးယားအသင်းနှင့် ဟောင်ကောင်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဒုတိယနေ့အပြီးတွင် တောင်ကိုရီးယားအသင်းက ခြောက်မှတ်၊ ဖိလစ်ပိုင်နှင့် မြန်မာအသင်းက သုံးမှတ်စီရရှိထားကာ ဟောင်ကောင်အသင်းမှာမူ အမှတ်မရသေးပေ။ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းသည် ရမှတ်နှင့် ဂိုးကွာခြားချက် တူညီသော်လည်း သွင်းဂိုးနည်းသဖြင့် အုပ်စုတတိယနေရာ ရောက်ရှိနေခြင်းဖြစ်ပြီး ဖိလစ်ပိုင်အသင်းကို အနိုင်ကစားနိုင်မှသာ အုပ်စုဒုတိယနရာ ရယူနိုင်မည်ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုပွဲများတွင် တောင်ကိုရီးယားကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ဟောင်ကောင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

 

ရဲရင့်လွင်