အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲအဖြစ် မြန်မာနှင့် ဂျပန် ယနေ့ကစားမည်

စက်တင်ဘာ ၂၈

 

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်အဆင့် ဒုတိယနေ့ပွဲစဉ်များကို ယနေ့ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ရှုံးထွက်ပွဲစဉ် ရှစ်ပွဲအနက် ငါးပွဲကို စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး ကျန်သုံးပွဲကိုသာ ယနေ့ ကျင်းပမည်ဖြစ်သည်။ ရှုံးထွက်အဆင့် ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဥဇဘက်ကစ္စတန်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဂျပန်အသင်းနှင့် မြန်မာအသင်း၊ အိန္ဒိယအသင်းနှင့် ဆော်ဒီအာရေဗျအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အကောင်းဆုံးအုပ်စုတတိယနေရာ လေးသင်းတွင်ပါဝင်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့သော်လည်း ရှုံးထွက်အဆင့်တွင် အာရှထိပ်သီး ဂျပန်အသင်းနှင့် တွေ့ဆုံနေသဖြင့် ရုန်းကန်ရဖွယ်ရှိနေသည်။ ဂျပန်အသင်းသည် အုပ်စုပွဲများတွင် ကာတာနှင့် ပါလက်စတိုင်း နှစ်သင်းစလုံးအနိုင်ယူကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်လာခြင်းဖြစ်သည်။ ဂျပန်အသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်အသင်း ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အိန္ဒိယနှင့် တစ်ဂိုးစီသရေကျကာ တရုတ်အသင်းကို လေးဂိုးပြတ်အရေးနိမ့်ခဲ့သည်။

 

ညီမြတ်သော်တာ