အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်ကအာဖရိက နိုင်ငံများတွင်သာ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှစတင်၍ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့တွင် ပျံ့နှံ့ကူးစက်ဖြစ်ပွားခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ နယ်စပ်မြို့နယ်အချို့တွင်လည်း ကူးစက် ဖြစ်ပွားသဖြင့် ဖြစ်ပွားကျရောက်ခြင်းမရှိသေးသော အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။

 

မိမိမွေးမြူထားသော ဝက်များကိုလည်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက် ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကိုစနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

 

(က)     ဝက်မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကိုအထူးဂရုပြုဆောင်ရွက်ရန်၊

(ခ)       ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ)       အိမ်မွေးဝက်များကိုအပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသောစားသောက်ဆိုင်များမှစားကြွင်း/ကျန်ကျွေးခြင်းမပြုလုပ်ရန်၊

(ဃ)     အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်/အထွက် ထိန်းချုပ်ရန်၊

(င)       အသက်အရွယ်တူဝက်များကိုသာအတူတူမွေးမြူရန်၊

(စ)       ဝက်ခြံများအတွင်းအပူချိန်၊ စိုထိုင်းဆ၊ လေဝင်/လေထွက်ကောင်းမွန်စေရေးဆောင်ရွက်ရန်၊

(ဆ)     ရောဂါကင်းရှင်းကြောင်းစိတ်ချရသောခြံမှ ဝက်များကိုဝယ်ယူမွေးမြူရန်၊

(ဇ)       ဝယ်ယူသည့်ဝက်များကိုမိမိခြံရှိဝက်များနှင့်မရောမီသီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

(ဈ)      ပြည်ပမှတရားမဝင်တင်သွင်းလာသောဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်းများဖြစ်သည့်ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့်အခြားဝက်ထွက်ပစ္စည်းများတင်သွင်းခြင်း၊ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊

(ည)     တောဝက်နှင့် အိမ်မွေးဝက်များရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊

(ဋ)       တောဝက်နှင့် အိမ်မွေးဝက်များပုံမှန်မဟုတ်ဘဲရုတ်တရက်သေဆုံးပါကနီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဌ)       ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန