အာဖဂန်နစ္စတန်၌ ဗုံးပေါက်ကွဲ ၁၇ ဦးထက်မနည်းသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိ

ဘမ်ယန် ၂၅ နိုဝင်ဘာ 

နိုဝင်ဘာ ၂၄ ရက်က အာဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ်မြို့တော် ဘမ်ယန်မြို့ရှိ ဈေးတစ်ခု၌ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့အတည်ပြုပြောကြားသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ နောက်ဆုံးရရှိသော ကိန်းဂဏန်းများအရ အဆိုပါ ပေါက်ကွဲမှုတွင် ယာဉ်ထိန်းရဲ တစ်ဦးအပါအဝင် လူ ၁၇ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများသည် အရေးပေါ်အနေအထားတွင် ရှိကြသည့်အတွက် သေဆုံးသူဦးရေလည်း ထပ်မံတိုးလာဖွယ်ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုများသည် ဘမ်ယန်မြို့ရှိ လူစည်ကားသောဈေးနေရာတစ်ခု၌ ဒေသစံတော်ချိန်နံနက် ၄ နာရီခွဲခန့်က တစ်ဆက်တည်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ လာတစ်ဖ်အာဇီမီက ပြောကြားသည်။

သို့သော် ယင်းပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို လက်ရှိအချိန်အထိ မသိရသေးကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိရာ အဆိုပါ တိုက်ခိုက်မှုများကြောင့် ယခုနှစ်ပထမကိုးလပိုင်းအတွင်း လူ ၂၁၁၀ အသက်ဆုံးရှုံးခဲ့ပြီး ကျန် ၃၈၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ