အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ဆန္ဒမဲများ ရေတွက်နေဆဲ

၃၀ စက်တင်ဘာ

 

 

ပြီးခဲ့သည့် ၂၈ ရက်နေ့က ကျင်းပခဲ့သော အာဖဂန် သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းကို တိုက်ခိုက်မည်ဟူသော အကြမ်းဖက်သမားများ ခြိမ်းခြောက်မှုကို သန်းချီရှိသော ပြည်သူများ ရင်ဆိုင်ခဲ့ရပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆန္ဒမဲများ ရေတွက်နေဆဲဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ရွေးကောက်ပွဲ ပဏာမရလဒ်များကို အောက်တိုဘာ ၁၉ ရက်နေ့ ဝန်းကျင်တွင် ကြေညာမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

 

ထိုရွေးကောက်ပွဲကို နှောင့်ယှက်မည်ဟု တာလီဘန်တို့က သတိပေး ပြောကြားပြီးနောက်ပိုင်း ဆန္ဒမဲပေးသည့်နေ့တွင် နိုင်ငံအနှံ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

 

 

၎င်းတိုက်ခိုက်မှုများကြောင့် ကိုးဦး သေဆုံးခဲ့ပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

 

 

ဆန္ဒမဲရုံများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၇၀၀၀၀ ကျော်တို့ဖြင့် လုံခြုံရေးတင်းကြပ်စွာ တပ်ဖြန့်ထားကြောင်း ဖော်ပြထားသည်။

 

 

ထိုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယင်းတိုက်ခိုက်မှုများမှာ မျှော်မှန်းထားသည်ထက် နည်းပါးကြောင်းနှင့် ရွေးကောက်ပွဲ တစ်ခုလုံး ချောမောစွာ ပြီးဆုံးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

1