အာဖဂန်လေေကြာင်းတိုက်ခိုက်မှုကြောင့် တာလီဘန်ခရိုင်အကြီးအကဲတစ်ဦး အပါအဝင် စစ်သွေးကြွ သုံးဦး သေဆုံး

၇ ဖေဖော်ဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံ ဘော်လ်ပြည်နယ်တွင် အာဖဂန်စစ်ဘက်ဆိုင်ရာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် တာလီဘန် ခရိုင်အကြီးအကဲတစ်ဦး အပါအဝင် စစ်သွေးကြွ သုံးဦး သေဆုံးခဲ့သည်ဟု အထူးတပ်ဖွဲ့များ ဌာနချုပ်က ယနေ့ပြောကြားခဲ့သည်။

 

ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော အာဖဂန်လေကြောင်းတိုက်ခိုက်မှုသည် ဘောလ်ပြည်နယ် ရှတယ်လ်ခရိုင်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ထိုလေကြောင်းတိုက်ခိုက်မှုတွင် တာလီဘန်ခရိုင်အကြီးအကဲ ရှာရ် မိုဟာမက် ဂျာဘာနှင့် တိုင်းအဆင့် တပ်မှူးနှစ်ဦး ဖြစ်သော မော်လဝီ ကဒ်ဒမ် နှင့် ဟင်နရတ်တို့ သေဆုံးခဲ့ကြောင်း အာဖဂန်အမျိုးသား တပ်မတော်အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

ထိုတာလီဘန်စစ်သွေးကြွများသည် မြို့တော် ကဘူးလ်၏မြောက်ဘက် ၃၀၅ ကီလိုမီတာအကွာ ဘောလ်ပြည်နယ်၏ အနောက်ပိုင်း ရှတယ်လ်ခရိုင်ရှိ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ ပင်မလမ်းမကြီး တစ်လျှောက်တွင် လက်လုပ်ဗုံးများကို တပ်ဆင်ထားခဲ့ကြသည်ဟု ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ရန် လက်လုပ်ဗုံးများကို မြေမြှုပ်မိုင်းများနှင့် လမ်းဘေးဗုံးများပြုလုပ်ရန် မကြာခဏ အသုံးပြုကြသည်။

 

တာလီဘန်စစ်သွေးကြွအုပ်စုဘက်ကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို