အားနည်းသူကို ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး

၅ ဒီဇင်ဘာ

 

အားနည်းသူကို ဖေးမကူညီသည်မှာ မွန်မြတ်သော လူမှုကရုဏာတရားထားရှိသည့်အလုပ်ဖြစ်၍ အားမနည်းသူတို့က ဝိုင်းဝန်းဆောင်ရွက်ပေး ကြရမည်ဖြစ်သည်။ အားနည်းသူဆိုသည်မှာ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများဖြစ်ကြပြီး မမာမကျန်းသူများ၊ ဘေးဒုက္ခရောက်နေသူများနှင့် ဆင်းရဲနွမ်းပါးသူများလည်း ပါဝင်ပါသည်။

 

လူဟူသောသတ္တဝါသည် မကောင်းမှုတွင် ပျော်မွေ့တတ်သည်ဖြစ်၍ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှု ပြုလုပ်ရသည်ကို ကျေနပ်နှစ်သက်ကြသည်။ ဤကမ္ဘာလောကကြီးတွင် မည်သည့်သတ္တဝါမဆို အားကြီးသူက အားနည်းသူတို့ကို အနိုင်ကျင့်ဗိုလ်ကျသည့် အလေ့အထရှိကြသည်။ ဗိုလ်ကျစိုးမိုးမှုများ လွှမ်းခြုံနေသောကမ္ဘာကြီးတွင် မေတ္တာ၊ ကရုဏာ စသည့် လောကပါလတရားများ ခေါင်းပါးလာသည်။ အင်အားကြီးသူက အင်အားနည်းသူကို ဖေးမကူညီရမည့်အစား ပစ်ပယ်နှိမ့်ချမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်လာကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

ကမ္ဘာလုံးဆိုင်ရာစာရင်းများအရ လူသုံးဦးတွင် တစ်ဦးမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေကြရပြီး ထိုအကြမ်းဖက်ခံနေရသူများတွင် ၃၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်သည်ဟု သိရသည်။ လူသားများသည် ဆင်ခြင်တတ်သည့် အသိဉာဏ်ရှိသူများဖြစ်သည်။ ဘာသာတရား၏ အဆုံးအမများလည်း အစဉ်အဆက်ရှိကြသူများဖြစ်သည်။ သို့သော် တိရစ္ဆာန်ကဲ့သို့ပင် အားကြီးသူက အားနည်းသူအပေါ် အနိုင်ကျင့်နှိပ်စက်ခြင်းသည် လူသားမဆန်သော လုပ်ရပ်များပင်ဖြစ်သည်။

 

အနိုင်ကျင့်နှိပ်စက်ခံရသူများတွင် အမျိုးသမီးနှင့် ကလေးများမှာ ပိုမိုအဖြစ်များလာသည်ကိုတွေ့ရသည်။ ၂၀၁၆ ခုနှစ် ကျန်းမာရေး စစ်တမ်းကောက်ယူမှုစာရင်းအရ မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် ကလေးခုနစ်ဦးတွင် တစ်ဦးအကြမ်းဖက်ခံနေရကြောင်း သိရသည်။ ထိုဖြစ်စဉ်တွင် မြန်မာနိုင်ငံအတွင်း၌ မီးဖွားပြီးစမိခင်တစ်သိန်းတွင် ၂၈၂ ဦး သေဆုံးနေပြီး အဆိုပါသေဆုံးသူများတွင် ကိုယ်ဝန်ဆောင်နေစဉ် အကြမ်းဖက်ခံရသောကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်းများဖြစ်ရသည်ဟု စိတ်မချမ်းမြေ့ဖွယ် ကြားသိရသည်။ ထိုမျှသာမက ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှု ၈၃၈ မှုဖြစ်ပွားခဲ့ရာ လူမဆန်သောလုပ်ရပ်များကို ဝိုင်းဝန်းတားဆီးပေးကြရမည်ဖြစ်သည်။

 

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများပူးပေါင်း၍ ၂၀၁၈ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ၁၆ ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ “အကြမ်းဖက်မှုပပျောက်ရေး အမျိုးသမီးများအသံ နားထောင်ပေး” ဟူသောဆောင်ပုဒ်ဖြင့် လှုပ်ရှားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ အမျိုးသမီးနှင့် ကလေးသူငယ်များ အကြမ်းဖက်ခံရမှုများမှာ  အမှန်တကယ်ဖြစ်ပြီး နယ်ပယ်ဒေသအသီးသီးသို့ ဖြန့်ကြက်ကြည့်မည်ဆိုလျှင် ယခုစာရင်းထက်ပင် ပိုမိုပေါ်ထွက်လာနိုင်သည်။ ထို့ကြောင့် ထိုအရေးကို ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရ  မည်ဖြစ်သည်။

 

အမျိုးသမီးများနှင့်ကလေးသူငယ်များမှာ အားနည်းသူများဖြစ်ကြပြီး အနိုင်ကျင့်အကြမ်းဖက်မှု ကျူးလွန်ခြင်းကို အများဆုံးခံစားကြရသော လူအုပ်စုဖြစ်နေ၍ ကနဦးအရေးပါသော လူ့အသိုင်းအဝိုင်းအတွင်းမှ လူသားဆန်သောလူသားများ၊ လူသားချင်းစာနာထောက်ထားသူများက ဝိုင်းဝန်းအသိပေး ကြိုတင်ကာကွယ် တားဆီးပေးသင့်ပေသည်။ လူမှုဘဝနယ်ပယ်အတွင်း အနိုင်ကျင့်နှိပ်စက်မှုများကို ရှာဖွေဖော်ထုတ်သတင်းပေးခြင်းဖြင့် လူလူချင်း မေတ္တာထားမှုကို ပြသကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အနိုင်ကျင့် အကြမ်းဖက်မှုများမှ ကြိုတင်ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ ကူညီဆောင်ရွက်ပေးရေးလုပ်ငန်းများကို ဒေသအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ