အားကစားနှင့် ပြည်သူလူထုဘဝမြှင့်တင်ရေး

၃၀ မတ်

 

နိုင်ငံတစ်နိုင်ငံတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများမှာ ဆက်စပ်မှုရှိပြီး နိုင်ငံ၏အနာဂတ်နှင့် ပြည်သူလူထုဘဝမြှင့်တင်ရေးကို အထောက်အကူပြုပါသည်။ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြင့်မားတိုးတက်သော နိုင်ငံများတွင် အားကစားကဏ္ဍအား မြှင့်တင်ထားနိုင်သည်ကို တွေ့ရသည်။ ထိုသို့မြှင့်တင်နိုင်သည်မှာ တိုင်းပြည်ကြွယ်ဝချမ်းသာသဖြင့် အဆိုပါကဏ္ဍများတွင် လိုအပ်သည့်ဘဏ္ဍာငွေကို ပြည့်စုံအောင် ဖြည့်ဆည်းပေးထားနိုင်သောကြောင့် ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ကြွယ်ဝချမ်းသာသော နိုင်ငံမဟုတ်သော်လည်း လက်ရှိအစိုးရအနေဖြင့် ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးနယ်ပယ် တိုးတက်ရေးကို ရှေးရှုသောအားဖြင့် အားကစားကဏ္ဍမြှင့်တင်ရေးကို ပြန်လည်ကြိုးပမ်း ဖြည့်ဆည်းလာသည်ကို တွေ့ရသည်။ မျက်မှောက်ကာလအနေဖြင့် လူမှုဘဝပြောင်းလဲလာမှုအခြေအနေအရ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများမှာ မျှော်မှန်းသလောက် မတိုးတက်သေးဘဲ နိမ့်ကျနေဆဲဖြစ်သည်ဟု ဆိုနိုင်သည်။

 

တစ်ချိန်သောကာလ ၁၉၆၂ ခုနှစ်မတိုင်မီက ပညာတစ်ခေတ်၊ အားကစားတစ်ခေတ်ဖြစ်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်ကာလအထိ မြန်မာ့အားကစားမှာ ရွှေခေတ်သို့ပင်ရောက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မတိုင်မီက ပညာရည်ပြည့်ဝသူများ ပေါ်ထွန်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အားကစားကဏ္ဍတွင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်နှင့် တိုင်း အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပခဲ့ပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင်လည်း အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပပေးနိုင်ခဲ့သည်။ ထို့ကြောင့် ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ်အားကစားသမားများအား စနစ်တကျ ရွေးထုတ်ပေးနိုင်ခဲ့ပြီး မြန်မာ့အားကစားလောက ရွှေခေတ်သို့ရောက်ခဲ့သည်။

 

ယခုအခါ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရရှိနိုင်ရေး၊ အားကစားကဏ္ဍတွင် အောင်မြင်မှုပြန်လည်ရရှိရေး၊ အားကစားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူလူထုဘဝ မြှင့်တင်ရေးအား တစ်ဖက်တစ်လမ်းက အလေးထားလုပ်ဆောင်လာသည်ကို တွေ့ရသည်။ အားကစားပညာရပ်များ၊ သင်တန်းများ၊ အပတ်စဉ်လူထုလှုပ်ရှားမှုများ၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ပြန်လည် ပြုလုပ်ပေးလာသည်ကိုလည်း တွေ့ရသည်။

 

မြန်မာ့အားကစားဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသမှ မြို့ပြအထိ လည်းကောင်း၊ အခြေခံပညာကျောင်းများမှ တက္ကသိုလ်၊ ကောလိပ်များအထိ လည်းကောင်း အားကစားပြိုင်ပွဲများ ပြန်လည်ပြုလုပ်ပေးရန် လွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီး လက်တွေ့ကျကာ ကောင်းမွန်သည့် အချက်အလက်များစွာတို့ကို အတည်ပြုပေးနိုင်ခဲ့သည်။ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်၍ မြန်မာ့ အားကစားလောကအတွက် သမိုင်းမှတ်တိုင်တစ်ခု ပြန်လည်စိုက်ထူနိုင်ရန် ကြိုးပမ်းအားထုတ်နေမှုများကို ကြိုဆိုရမည်ဖြစ်သည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်မပါ အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော်ရှိပြီး ကျောင်းသား ကျောင်းသူ ကိုးသန်းနီးပါးရှိသည်။ အဆိုပါကျောင်းသား ကျောင်းသူအားလုံး ပညာသင်ကြားရင်း အားကစားကဏ္ဍတွင် နေ့စဉ် ပုံမှန်ဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်ပြည်သူများ ဖြစ်လာမည့်အပြင် ကျောင်းတွင်ပျော်၍ ပညာတော်သူများ၊ ထူးချွန်ထက်မြက်သော လူငယ်အားကစားသမားများ ပေါ်ထွက်လာမည်မှာသေချာပါသည်။

 

သို့ဖြစ်ရာ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍမြင့်မားရေးအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များ နှစ်စဉ်တိုးမြှင့်ချထားပေးနိုင်မှုနှင့်အညီ ကျန်းမာကြံ့ခိုင်သော နိုင်ငံသူ နိုင်ငံသားများ၊ ထူးချွန်ထက်မြက်သော ပညာတတ်များပေါ်ထွန်းလာရေး လုပ်ငန်းများအောင်မြင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများ၏ ပူးပေါင်းအားထုတ်မှုနှင့် လူငယ်လူရွယ်များ စိတ်ဝင်တစားပါဝင်လာရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ