အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၄ ဇွန် 

အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) (၂၀၁၉-၂၀၂၀) ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားသည်။

 

1642

 

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ အားကစားနှင့် ကာယပညာသိပ္ပံ  အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်း ကျောင်း(၆)ကျောင်းမှ ဘက်စုံထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်ရေးအတွက် ဘက်စုံပံ့ပိုးပေးထားပြီး ကျောင်းသား/ ကျောင်းသူများ အနေဖြင့်လည်း မြင့်မားသော ရည်မှန်းချက်များချမှတ်၍ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုပါကြောင်း။

 

492019

 

နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အဖြစ်အောင်ပွဲများ ရရှိသူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုသွားမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအပါအဝင် ရှေ့ရေးအလားအလာ ကောင်းမွန်ရန်ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကျောင်း (၆)ကျောင်းအနက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) သည် အစဉ်အလာကောင်း၍ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ပြီး အောင်မြင်မှုများရယူပေးနိုင်ခဲ့သော ကျောင်းလည်းဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း (၃)လလျှင်(၁)ကြိမ် အချင်းချင်းတွေ့ဆုံပြီး နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်ရေးကို ဦးတည်၍ အားနည်းချက်/  အားသာချက်များ ဖလှယ်ရန်လိုအပ်ပါကြောင်း။ 

သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြောင်းလဲလာသော နည်းစနစ်၊ နည်းဥပဒေများအရ နည်းပြများသည် ခေတ်နှင့်အညီ သင်ကြားမှုပုံစံပြောင်းရန်လည်း လိုအပ်ပါကြောင်း၊ နည်းပြများ၏ သင်ကြားမှုစွမ်းရည်ကိုလည်း သုံးသပ်ရန်လိုအပ်ပြီး အားကစားနည်းအလိုက် အားကစားသမားများ အရည်အချင်း တိုးတက်မှုရှိအောင် သင်ကြားနိုင်စွမ်းရှိသော နည်းပြများအား ရွေးချယ်တာဝန်ပေးအပ်ရမည် ဖြစ်ပါကြောင်း။

စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်ရေးအတွက် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်ကလည်း အားကစားနှင့် ပညာရေးပေါင်းစပ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားလေ့ကျင့်ရာတွင် လိုက်နာသင့်သော အချက်များနှင့် ယှဉ်ပြိုင်နေစဉ်ထားရှိရမည့် စိတ်ဓါတ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။   

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းအတွက်  အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသူ/သင်တန်းသားများက ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ဝူရှူး အခြေခံလေ့ကျင့်ခန်းများနှင့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” လှုပ်ရှားမှု Myanmar Fitness Dance  ကို သရုပ်ပြကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပါရမီပဲနို့အာဟာရတိုက်ကျွေးမှုနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အားကစားနည်းအလိုက် အသုံးပြုမည့် အားကစားအထောက်အကူပြု ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ လက်ကျန်သင်တန်းသားများအပါအဝင် လျာထားသင်တန်းသား/သင်တန်းသူ (၅၄၀)ကို အားကစားနည်း (၂၃)နည်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်