အာကာသအတွင်း ပထမဦးဆုံးလမ်းလျှောက်ခဲ့သည့် အာကာသယာဉ်မှူးဟောင်းကြီး အလက်ဇီလီယိုနော့ဗ် ကွယ်လွန်

မော်စကို ၁၄ အောက်တိုဘာ

 

လွန်ခဲ့သည့် နှစ်ပေါင်း ၅၄ နှစ်ခန့်က အာကာသအတွင်း ပထမဦးဆုံး လမ်းလျှောက်ခဲ့သည့် ဆိုဗီယက်ခေတ်မှ အာကာသယာဉ်မှူးဟောင်းကြီး အလက်ဇီလီယိုနော့ဗ် အသက် (၈၅)နှစ်သည် အောက်တိုဘာ ၁၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။


အာကာသယာဉ်မှူးဟောင်းကြီး လီယိုနော့ဗ်သည် ကာလရှည်ကြာစွာ နာမကျန်းဖြစ် ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် ရုရှားနိုင်ငံမြို့တော် မော်စကိုရှိဆေးရုံတစ်ရုံ၌ ကွယ်လွန် ခဲ့ခြင်းဖြစ်သည်။

 

၎င်းအား ၁၉၃၄ ခုနှစ်တွင် ဆိုဗီယက်ယူနီယံဟောင်း၌ဖွားမြင်ပြီး အသက် ၂၀ ကျော်တွင် ဆိုဗီယက်လေတပ်တွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ဆိုဗီယက်ယူနီယံ ပထမဆုံး အာကာသယာဉ်မှူးအုပ်စုအတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။

 

၁၉၆၅ ခုနှစ်တွင် လီယိုနော့ဗ်အား ဗော့စ်ဟုဒ်-၂ အမည်ရှိ အာကာသယာဉ်ဖြင့် အာကာသ အတွင်းသို့ စေလွှတ်ခြင်းခံခဲ့ရပြီး ယင်းအချိန်၌ ၎င်းမှာ အသက် ၃၀ နှစ်ရှိပြီဖြစ်သည်။

 

ယင်းအာကာသခရီးစဉ်အတွင်း၌ ၎င်း၏ ထူးခြားသောလုပ်ဆောင်မှုမှာ အာကာသယာဉ်မှ လုံခြုံရေးကြိုးဖြင့် ချိတ်ဆက်ချည်နှောင်ကာ အာကာသအတွင်း၌ ၁၀ မိနစ်ခန့် ပထမဆုံးအကြိမ် လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။
၁၉၇၅ ခုနှစ်တွင် အလက်ဇီလီယိုနော့ဗ်သည် ဆိုဗီယက်အာကာသယာဉ်မှူးများအဖွဲ့ကိုဦးဆောင်ကာ အပိုလို-ဆိုယုဇ်မစ်ရှင်တွင် ဆိုဗီယက်အာကာသယာဉ်နှင့် အမေရိကန် အာကာသ ထိပ်ဖူးယာဉ်တို့ကို ချိတ်ဆက်ခဲ့သည်။

 

၎င်းသည် နောက်ပိုင်းကာလများ၌ အာကာသယာဉ်မှူးများကို လေကျင့်သင်ကြားမှုများ လုပ်ဆောင်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-ဇော်ဝင်း