အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို

၁၂ ဇူလိုင်

 

၁၈၉၃ ခုနှစ် ဧပြီလ ၂၄ ရက် တနင်္လာနေ့တွင် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း မြောင်းမြမြို့၌ ဖွားမြင်သည်။ အဖ ဦးဘိုးစာ၊ အမိ ဒေါ်မြစ် ဖြစ်သည်။ ဖခင်မှာ မြောင်းမြ မေခလာဆေးတိုက် မြန်မာသမားတော်၊ မိခင်မှာ မွန်မှူးမတ်အနွယ် ဖြစ်သည်။ မွေးချင်းလေးယောက်တွင် အငယ်ဆုံးဖြစ်၍ အမည်ရင်း မောင်ဘချို ဖြစ်သည်။

 

အသက် ခုနစ်နှစ်တွင် မြောင်းမြမြို့ ဆရာဦးမောင်မောင်ကျောင်း၌ စတင်ပညာသင်သည်။ ၁၄ နှစ်တွင် ၇ တန်းအောင်၍ စကောလားရှစ်ပညာသင် ဆုရသည်။ ၁၉၀၇ ခုနှစ်တွင် ရန်ကုန်စိန်ပေါလ် အထက်တန်းကျောင်း၌ ပြောင်းရွှေ့ပညာသင်ရာ ၁၆ နှစ်အရွယ်တွင် ၁၀ တန်းစာမေးပွဲကို ထူးချွန်စွာ အောင်သည်။ စကောလားရှစ်ပညာသင်ဆု ဆက်လက်ရရှိသည်။ ငယ်စဉ်ကပင် ဉာဏ်ပညာ ထက်မြက်၍ စာပေ၊ ဂီတ၊ အားကစား စွယ်စုံလိုက်စားခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ပညာဆက်လက်ဆည်းပူးရာ ဘီအေအထက်တန်းပညာ သင်နေစဉ် မျက်စိရောဂါဖြင့် ကျောင်းထွက်ခဲ့ရသည်။

 

စက္ကရီတေရီအဖြစ် လူမှုရေးဆောင်ရွက်

 

၁၉၁၃ ခုနှစ်တွင် ပေါင်းတည်မြို့ အစိုးရအထက်တန်းကျောင်း၊ ၁၉၁၄ ခုနှစ်တွင် ဟင်္သာတအစိုးရကျောင်းတို့၌ ပါဠိဆရာ၊ ထို့နောက် ပညာအုပ်အဖြစ် အမှုထမ်းသည်။ ထိုသို့ အမှုထမ်းနေစဉ် နေရပ် ဟင်္သာတ သရဲချောင်ကိုမှီ၍ “နောက်စွယ်ချောင်က တောက်တဲ့မောင် ကလောင်ဖြင့် စာနယ်ဇင်းများတွင် ကဗျာလင်္ကာနှင့် မြန်မာမှုများရေးသားသည်။ ဟင်္သာတမြို့ သုစရိတယုဝအသင်း စက္ကရီတေရီ အဖြစ် လူမှုရေးဆောင်ရွက်သည်။

 

ပညာအုပ်အဖြစ်ဆောင်ရွက်နေစဉ် ၁၉၂၀ ပြည့်နှစ် မေလ ၂၅ ရက်တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်နံပါတ် ၇၀ နေ လှည်းလုပ်ငန်းရှင် ဦးသဲ၊ ဒေါ်မမကြီးတို့၏သမီး မလှမေနှင့် လက်ထပ်သည်။ မလှမေမှာ မြန်မာမိန်းမများအသင်း တွဲဖက်စက္ကရီတေရီအဖြစ် ကိုလိုနီခေတ်ဦး အမျိုးသမီးလှုပ်ရှားမှုတွင် ထင်ရှားသည်။

 

နိုင်ငံအနှံ့ ဝံသာနုစိတ်ဓာတ်များ ပြန့်ပွားလာချိန် နှစ်ပါးကြည်ဂျာနယ်၌ ဒီးဒုတ်ကလောင်အမည်ဖြင့် လူမှုရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလှုံ့ဆော်သည့် “ဒီးဒုတ်၏ ပစ္စရလက္ခတ်ကျမ်း ကိုရေးသားခဲ့သည်။ ထိုစဉ် ကောလိပ် ကျောင်းနေဖက် ဒယ်လီဂိတ် ဦးထွန်းရှိန် (၁၈၉၀ - ၁၉၂၀)၏ တိုက်တွန်းမှုဖြင့် ပညာအုပ်ရာထူးမှ နုတ်ထွက်၍ ဗဟန်းအမျိုးသားကောလိပ် (၁၄ ဩဂုတ် ၁၉၂၁) တွင် ဝင်ရောက်အမှုထမ်းသည်။ ဗဟန်းကောလိပ် မြန်မာစာနှင့် မြန်မာရာဇဝင် ပါမောက္ခ ပရော်ဖက်ဆာ ဆရာလွန်း၏ မြန်မာဘာသာ လက်ထောက်အဖြစ် ၁၉၂၄ ခုနှစ် ဗဟန်းကောလိပ်ပျက်သည့်တိုင် ဆင်းရဲချို့တဲ့ ခံ ဆောင်ရွက်ခဲ့သည်။ အမျိုးသားကောလိပ် ကျောင်းဆရာဘဝတွင် ဝမ်းရေးအတွက် ဘချို၏ “အသားလှ ကတ္တီပါရေ၊ “ပန်းမြိုင်လယ်ရေမွှေး တို့ ထုတ်လုပ်ရောင်းချသည်။ ၁၉၂၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် မြန်မာရီဗျူး (Burmese Review) ဂျာနယ် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။

 

၁၉၂၄ ခုနှစ်တွင် ဗဟန်းအမျိုးသားကောလိပ်ပျက်ပြီး မြန်မာရီဗျူးဂျာနယ်မှ ခွင့်ခြောက်လယူကာ အစိုးရအထောက်အပံ့မခံသည့် သရက်တောအမျိုးသား ကျောင်း၌ အမျိုးသားကျောင်းဆရာအဖြစ် ကူညီသည်။ ၁၉၂၅ ခုနှစ် ဧပြီလ ၂၅ ရက် စနေနေ့မှစ၍ အပတ်စဉ်ထုတ် “ဒီးဒုတ်သတင်းစာကို ဦးဆောင် ထုတ်ဝေသည်။ ဒီးဒုတ်သတင်းစာတွင် ဒီးဒုတ်၊ တောက်တဲ့၊ စပယ်၊ ဥက္ကလာ မခင်စိန်စသည့် ကလောင်အမည်အမျိုးမျိုးဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စာပေ၊ ဂီတ၊ နက္ခတ် ဗေဒင်ကဏ္ဍများ ဒိုင်ခံရေးသားသည်။ ဒီးဒုတ်သတင်းစာကို နောက်ပိုင်းတွင် ဒီးဒုတ်ဂျာနယ်ဟု အမည်ပြောင်းသည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို လွှတ်တော်တွင်းမှ အတိုက်အခံဆောင်ရွက်သည့် ဦးတုတ်ကြီး၏ သရာဇ ပါတီကို ထောက်ခံပြီး ၂၁ ဦး ပါတီကို ပြင်းပြင်းထန်ထန်ဝေဖန်သည်။

 

မြားနတ်ရှင် ဇာတ်ကား၌ ဇာတ်လိုက်၏ အဖေခန်းမှ ပါဝင်သရုပ်ဆောင်

 

၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ချာချီလမ်း (ကိုယ့်မင်း ကိုယ့်ချင်းလမ်း) စံအိမ်၌ မိဖုရားခေါင်ကြီးစုဖုရားလတ်ကွယ်လွန်ရာ ‘မိဖုရား ခေါင်ကြီး ဈာပနအတွက် မြန်မာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပါဝင်ကူညီ ဆောင်ရွက်ရန် ဦးဆောင်ခဲ့သည်။ အမျိုးသားပညာရေးကောင်စီ (Council of National Education) တွင်လည်း ပါဝင်ဆောင်ရွက်၍ ၁၉၂၉ - ၃၀ အမျိုးသား ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းရေးကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၂၉ ခုနှစ်မှာပင် မဟာဒုတ်ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်သည့် ‘မြားနတ်ရှင် ဇာတ်ကား၌ ဇာတ်လိုက်၏ အဖေခန်းမှ ပါဝင်သရုပ်ဆောင်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဘိလပ်မှ ပြန်လာသည့် မြန်မာပန်းချီကျော် ဦးဘဉာဏ်ကို မြန်မာစာနယ်ဇင်းများနှင့် မိတ်ဆက်ပေးရန် ကမကထ ပြုလုပ်သည်။ မြန်မာပန်းချီဆရာအသင်း ပေါ်ထွန်း လာစေရန် ကြိုးပမ်း၍ အကျိုးဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

 

မြန်မာ့ဂီတတိုးတက်ရေးအတွက် ကြိုးပမ်း

 

၁၉၃၀ ပြည့်နှစ် အိန္ဒိယနှင့် မြန်မာ ခွဲရေး တွဲရေးတွင် ဒီးဒုတ်ဂျာနယ်သည် တွဲရေးဘက်က ထောက်ခံရေးသားသည်။ တွဲရေးဘက်မှ ဒေါက်တာဘမော်၊ ဝတ်လုံ ဦးကျော်မြင့်တို့နှင့်တွဲပြီး ၁၉၃၂ ခုနှစ်တွင် ‘မြန်မာ့ဇေယျာသတင်းစာအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ၁၉၃၄ ခုနှစ်တွင် အရှင်ဥတ္တမသီရိ၏ စမကျမ်း အဖွင့် ‘ကပ္ပါလင်္ကာရဝဏ္ဏကျမ်းကို တည်းဖြတ်၍ ဒီးဒုတ်ဂျာနယ်၌ ထည့်သွင်းခဲ့ သည်။ မြဝတီမင်းကြီးဦးစ၏ ‘အီနောင်ဇာတ်တော်ကြီးကိုလည်း တည်းဖြတ်ပြီး ဒီးဒုတ်ဂျာနယ်၌ ဖော်ပြသည်။ ၁၉၃၅ ခုနှစ်တွင် ဂီတသုတေသနအသင်းကို ဦးဆောင်ဖွဲ့စည်းသည်။ ဥက္ကဋ္ဌ စောင်းဆရာကျော်၊ အတွင်းရေးမှူး ပတ္တလား ဦးသိုက်တို့နှင့်အတူ မြန်မာ့ဂီတတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ဂီတပညာရှင် စောင်းဦးမောင်မောင်လတ်၊ အဆိုတော် ဒေါ်ဒေလီညွန့်တို့ကို သီဆိုတီးမှုတ်စေ၍ ကွမ်းဘိုးထိန်းကြီးပေမူ၊ ဘားနဒ် ပေမူ၊ သံယုတ်ဆရာတော်၏ ပုရပိုက်မူများနှင့် ညှိနှိုင်းကာ သီချင်းကြီး ပုဒ်ရေ ၅၇၀ ပါ ဒေဝဣန္ဒာမူ ‘ဂီတ ဝိသောဓနီကျမ်းကို ထပ်မံတည်းဖြတ် ထုတ်ဝေသည်။

 

၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်တွင် ဝတ်လုံဦးကျော်မြင့်နှင့်တွဲပြီး သပိတ်စောင့်ရှောက်ရေးကော်မတီ လူကြီးအဖြစ် အားပေးကူညီသည်။ သပိတ်အပြီး အမျိုးသားတက္ကသိုလ်ထူထောင်ရာ အမျိုးသားတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင်၊ အမျိုးသားတက္ကသိုလ်ညနေသင်တန်း မြန်မာစာကထိကအဖြစ် စေတနာ့ ဝန်ထမ်းဆောင်ရွက်သည်။ ၁၉၃၆ ခုနှစ် ၉၁ ဌာနအုပ်ချုပ်ရေး ရွေးကောက်ပွဲတွင် ကိုနု၊ ကိုဘခိုင်တို့နှင့်အတူ ဖေဘီယန်ခေါ် ဆင်းရဲသားအကျိုးဆောင်အဖွဲ့ကို ဦးဆောင်၍ ရွေးကောက်ပွဲဝင်သည်။ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရေး ခေါင်းဆောင်များ ရာထူးမယူရန် မြန်မာ့အလင်းအယ်ဒီတာ ဦးချစ်မောင် (နောင် ဂျာနယ်ကျော်)၊ ဘားမားဂျာနယ် ဦးထွန်းသန်း၊ ရဲသတင်းစာ ဦးဘရှိန်(မဟာဆွေ)၊ တို့ဗမာသတင်းစဉ် သခင်တင်မောင်တို့နှင့်တွဲ၍ ကြိုးပမ်းသည်။ ၁၉၃၇ ခုနှစ်တွင် နဂါးနီစာအုပ်အသင်း ပေါ်ထွန်းလာရာ ကူညီရေးသားပေးသည်။ ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ၌ ‘ဒီးဒုတ် နေ့စဉ်သတင်းစာထုတ်၍ ကူညီပံ့ပိုးသည်။ အရေးတော်ပုံ ပြင်းထန် နေစဉ် ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် တို့ဗမာအစည်းအရုံး ဌာနချုပ် ခေါင်းဆောင် သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်နု၊ သခင်အောင်ဆန်းတို့ နှင့်အတူ အင်္ဂလိပ်အစိုးရ၏ သီတင်းနှစ်ပတ်ဖမ်းဆီး အကျဉ်းချခံရသည်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ တာဝန်ယူ

 

၁၉၃၉ ခုနှစ် ဒီဇင်ဘာလတွင် မြို့မဆရာကြီး ဦးဘလွင်၊ သခင်နု၊ ဒေါ်မြစိန် (အမ်အေ၊ ဘီလစ်) တို့နှင့်အတူ တရုတ်နိုင်ငံသို့ မိတ်ဆက်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သည်။ ဂျပန်ဖက်ဆစ်ဝါဒကို ဝေဖန်ရေးသားဟောပြောရာ အချို့စာနယ်ဇင်းများက ‘တရားအားထုတ်သူ (တရုတ်အားထားသူ)ဟု သရော်ခံရသည်။ ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး၊ မြန်မာဂီတသုတေသီ ဦးခင်ဇော်(K)၏ မြန်မာသီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ဘောလယ်၊ ရတု၊ ရကန်၊ လူးတား၊ ဧချင်း၊ မော်ကွန်းတို့ကို မူမှန် အသံသွင်း မှတ်တမ်းတင်လုပ်ငန်းကို ပံ့ပိုးကူညီသည်။ မူမှန် အသံသွင်းနိုင်ရန် အဝေးရောက်မင်း ဦးအောင်ကြီး၊ ဒေါ်စောမြအေးကြည်၊ သီပေါနရည်တော် အဖွဲ့သားများ ရန်ကုန်လာရောက်ကူညီရန် ပံ့ပိုးခဲ့သည်။

 

၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ်မီး မြန်မာပြည် ကူးစက်လာရာ မိသားစုနှင့်အတူ အဝေးရောက်မင်း ဦးအောင်ကြီးနေထိုင်ရာ ရွှေဘိုသို့ စစ်ဘေးရှောင်ခဲ့သည်။ ရွှေဘိုတွင် ဖက်ဆစ်ဆန့်ကျင်ရေး စာရွက်စာတမ်းများ ရေးသားဖြန့်ဝေသည်။ မန္တလေးထောင်တွင်းရှိ သခင်နု၊ သခင်စိုး၊ သခင်ဗဟိန်း တို့ တရုတ်ပြည်သွားနိုင်ရန် တရုတ်အစိုးရကိုယ်စားလှယ် ဂျင်နရယ်ဝမ်းနှင့် ဆက်သွယ်ပေးခဲ့သည်။ ဂျပန်ခေတ်အစောပိုင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး အတွက် နာမည်ထွက်ခဲ့ရာ အသက်ဘေးလုံခြုံရေးအတွက် သခင်နု၊ ဗိုလ်လက်ျာ တို့က အကာအကွယ် စီစဉ်ပေးရသည်။ တွံတေးဘက်တွင် ခိုလှုံနေခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် ဦးဆောင်သော ဗမာနိုင်ငံတော်အစိုးရ၏ အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ဂျပန်ခေတ် စာရေးဆရာမဂ္ဂဇင်းတွင် စာပေ၊ ဂီတ ဆောင်းပါးများ ရေးသားသည်။

 

ဖက်ဆစ်တော်လှန်ရေးပြီးနောက် ဖတပလ (နောင် ဖဆပလ) ဖွဲ့စည်းရာ ဗဟို ဦးစီးအဖွဲ့ဝင် ၁၆ ဦးတွင် ပါဝင်ခဲ့သည်။ ဒီးဒုတ်ဂျာနယ်ကို ပြန်လည်ထုတ်ဝေ ၍ ဖဆပလကို ထောက်ခံအားပေးသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဗိုလ်ချုပ်ဦးဆောင်သော ကြားဖြတ်ယာယီအစိုးရအဖွဲ့၌ ပြန်ကြားရေး ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၄၇ ခုနှစ် မတ်လ ၄ ရက်မှ ၆ ရက် အထိ ချင်းတောင်တန်း၊ ထီးလင်းမြို့၌ ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ညီလာခံကို ဗိုလ်ချုပ်ကိုယ်စား မြန်မာအဖွဲ့ကို ဦးဆောင်တက်ရောက်သည်။

 

တောင်တန်းသာသနာပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ တိုင်းပြုပြည်ပြု ရွေးကောက်ပွဲတွင် ဟံသာဝတီခရိုင် မဲဆန္ဒ နယ်မှ ရွေးကောက်ခံရသည်။ ၁၉၄၇ ခုနှစ် ဇွန်လတိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်၊ အလံ၊ သီချင်း၊ တံဆိပ် ကော်မတီ သဘာပတိအဖြစ် ဆောင်ရွက်သည်။

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့အတွင်း ဝန်များရုံး ဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ် မသမာသူ သေနတ်သမား များ၏ လုပ်ကြံမှု ခံရသည်။ ထိုနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန် ဆေးရုံကြီး၌ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရသည်။

 

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်လှမေ၊ သမီးလတ်နှင့် သမီးငယ် မခင်ပုနှင့် မခင်ခင်ဦးတို့ ကျန်ရစ်သည်။ သမီးကြီး မခင်နုနှင့် မေမေခင်တို့မှာ ဂျပန်ခေတ် တွင် ဆုံးပါးခဲ့သည်။

 

ကြေးမုံ