အာဂျင်တီးနားနိုင်ငံ၌ ယခုနှစ်ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၄၈၈၀၀၀ ကျော်ရှိ

မေ ၂၇

အာဂျင်တီးနားနိုင်ငံတွင် ယခုနှစ်ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၄၈၈၀၀၀ ကျော်ရှိရာ လွန်ခဲ့သောနှစ်ကထက် ၃ ဒသမ ၃၅ ဆရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။ ယခုနှစ်ပထမသီတင်းပတ် ၂၀ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၈၈၀၃၅ ဦး ရှိသည်ဟု သိရသည်။

အလယ်ပိုင်းဒေသတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက်အများဆုံးဖြစ်ပြီး အလယ်ပိုင်းဒေသပြီးလျှင် အနောက်မြောက်နှင့် အရှေ့မြောက်ဒေသတို့တွင် ယင်းရောဂါဖြစ်ပွားမှုများပြားသည်။ နိုင်ငံအတွင်းရှိ ခရိုင် ၂၄ ခုအနက် ၁၉ ခုတွင် သွေးလွန်တုပ်ကွေးရောဂါစစ်ဆေးတွေ့ရှိခဲ့ပြီး ယခုရာသီအတွင်း ၃၄၃ ဦး သေဆုံးခဲ့သည်။ ထိုရောဂါဖြစ်ပွားမှုတွင်အများဆုံးတွေ့ရှိရသောလက္ခဏာများမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်းတို့ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို