၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဇွန် ၁၇ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်တွေထဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ အယ်လ်ဂျီးရီးယားအသင်းကို တိုက်စစ်မှူးမက်ဆီရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ 


တိုက်စစ်မှူးမက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၂၀၀ အထိ ပါဝင်ကစားပေးနိုင်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကတော့ ဆီနီဂေါအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကို အမ်ဘတ်ပီက နှစ်ဂိုး၊   ဘာကိုလာက တစ်ဂိုး  သွင်းယူပေး ခဲ့ကာ ဆီနီဂေါအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ အမ်ဘာယီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပြင်သစ်အသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ၅၈ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ပြင်သစ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းနဲ့ အီရတ်အသင်းတို့ပွဲစဉ်မှာတော့ နော်ဝေအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ နော်ဝေအသင်းနဲ့အတူ  သွင်းဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ နော်ဝေအသင်းအတွက် နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၅၁ ပွဲမှာ သွင်းဂိုး ၅၇ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ အခြားသောကမ္ဘာ့ဖလားအုပ်စုအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့  ဩစတြီးယားအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ပွဲစဉ်မှာတော့ ဩစတြီးယားအသင်းက ဂျော်ဒန်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။           

ငွေကြယ်