အာဆီယံတည်ထောင်ခြင်း နှစ်(၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံချစ်ကြည်ရေး အားကစားပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၅ နိုဝင်ဘာ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Asia Point Bowling Centre ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်နိုင်ငံသံရုံးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ်ခဲ့သော အာဆီယံ နှစ်(၅၀)ပြည့် အထိမ်းအမှတ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

အခမ်းအနား အစီအစဉ်အရ အာဆီယံအလံ လွှင့်တင်၍ အာဆီယံသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးမိသားစုဝင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ နှစ်(၅၀)ပြည့် အထိမ်းအမှတ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများအဖြစ် ဘိုးလင်း၊ ဘိလိယက်နှင့် စားပွဲတင်တန်းနစ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
 MDN