အာဆီယံနိုင်ငံများ၏ ခွေးရူးရောဂါကင်းစင်ရေး စီမံချက်တွင် မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်နေ

မန္တလေး  ၁၄  ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီးအတွင်း ခွေးရူးရောဂါကင်းစင်ရေး စီမံချက်အတွက် ခွေးကောင်ရေစာရင်းများ ကောက်ယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

၂၀၂၀ ခုနှစ်တွင် အာဆီယံနိုင်ငံအားလုံး ခွေးရူးရောဂါကင်းစင်ရေး စီမံချက်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ဆောင်ရွက်မည်ဖြစ်ရာ ဇန်နဝါရီလ(၁) ရက်နေ့မှ (၃၁)ရက်နေ့အထိ တိရစ္ဆာန်ကောင် ရေသန်းခေါင်စာရင်း ကောက်ယူရာတွင် ခွေးကောင်ရေစာရင်းကိုပါ ထည့်သွင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

"ခွေးရူးရောဂါကတော့ နှစ်စဉ်ဖြစ်နေကျရယ်၊ကျွန်တော်တို့ ဆေးရုံတွေမှာလည်း ခွေးရူးရောဂါဖြစ်လာပြီးတော့ အသက်ဆုံးရှုံးမှုတွေရှိပါတယ်၊ နောက် အာဆီယံနိုင်ငံတွေမှာလည်း ခွေးရူးရောဂါ ကင်းစင်အောင် ဆောင်ရွက်နေတယ်၊ ကျွန်တော်တို့လည်း အဲဒီအဖွဲ့အစည်းဝင်ဖြစ်တယ်၊ နောက်ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ဒီခွေးရူးရောဂါကင်းစင်ရေးကို ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ပါဝင်ပြီးတော့ ဆောင်ရွက်ဖို့ရာအတွက် ရည်ရွယ်ပြီးတော့ နေရှင်နယ်ပလန်ပေါ့နော်၊ချမှတ်ဖို့ရာအတွက် ဒါကျွန်တော်တို့ ကောက်ယူခြင်းဖြစ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာမောင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးရူးရောဂါဖြစ်ပွားနေပြီး ကုသရန် ဆေးမရှိသဖြင့် ကာကွယ်မှုဖြင့်သာ အသက်ဆုံးရှုံးမှု လျော့ကျလာနိုင်စေသောကြောင့် ခွေးရူးရောဂါကင်းစင်ရေး စီမံချက်ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

"ခွေးတွေမှာ ခွေးရူးရောဂါဖြစ်တယ်။ အဲ့ဒီဖြစ်တဲ့ခွေးကနေ လူကိုကိုက်တယ်ဆိုရင် ခွေးရူးပြန်ရောဂါ ကူးစက်တယ်ပေါ့။ ခွေးရူးပြန်ရောဂါ ဖြစ်သွားပြီဆိုရင် အသက်ဆုံးရှုံးမှုက ကိုးဆယ့်ကိုး ရာခိုင်နှုန်း လောက်ရှိတယ်။ ကုသဆေးမရှိတော့အပြင်မှာ အန္တရာယ်ကြီးတာပေါ့"ဟု ဒေါက်တာမောင်မောင်က ဆက်လက် ပြောသည်။

တိရစ္ဆာန်ကောင်ရေ သန်းခေါင်စာရင်းကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု သိရပါတယ်။ လက်ရှိတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) အထောက်အပံ့ဖြင့် မန္တလေးတိုင်း ဒေသကြီးအတွင်း ကမ္ဘာ့လှည့်ခရီးသွား လာရောက်လည်ပတ်မှုများပြားသည့် ပုဂံ၊ ညောင်ဦးနှင့် နေပြည်တော် လယ်ဝေးမြို့နယ် တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ပရောဂျက်ရေးဆွဲ ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှသိရသည်။

ဆုဆုရှိ