နေပြည်တော်၊ ဧပြီ ၂၂
အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ (ASEAN Physical Fitness Indicators-APFI Data) ကောက်ယူခြင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေး ခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက် ညွှန်ကြားရေး မှူးများနှင့် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်မည့် တာဝန်ခံများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက မြန်မာနိုင်ငံသားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ညွှန်းကိန်းများ အတည်ပြုသတ်မှတ်နိုင်ရေး သုတေသနစစ်တမ်းကောက်ယူခြင်းကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅)ခုတို့ရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် အင်အား (၄၈၀)ဖြင့် အသက်အုပ်စု (၄)မျိုးခွဲခြား၍ သတ်မှတ်လူဦးရေ (၇၆၈၀)ကို သတ်မှတ်ကာလဖြစ်သည့် (၂၀၂၂ ခုနှစ်၊ မေလ)အတွင်း ASEAN Physical Fitness Indicator (APFI) Templates များ အသုံးပြု၍ ကိုယ်ခန္ဓာကြံ့ခိုင်မှုညွှန်းကိန်း (၅)မျိုးအား ဆန်းစစ်လေ့လာ ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ စစ်တမ်းကောက်ယူသည့်အဖွဲ့များ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် လိုအပ်သည်များ ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က စစ်တမ်းမေးခွန်းလွှာများ မှန်မှန်ကန်ကန် ရရှိနိုင်စေရေးအတွက် စစ်တမ်းကောက်ယူမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး စနစ်တကျအဖွဲ့များခွဲ၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု ညွှန်းကိန်းများ ကောက်ယူမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး က စစ်တမ်းကောက်ယူမည့် အဖွဲ့များကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ထပ်မံ၍ သင်တန်းပေးဆောင်ရွက်သွားမည့် ကိစ္စကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး ညွှန်ကြား ရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြာ ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


