AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့သူအမာခံ ၈ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို

နေပြည်တော် ၈ ဇူလိုင်

 

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဇွန် ၂၆ ရက် ညဦးပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့၀င်များသည် နယ်မြေလုံခြုံရေး လှည့်ကင်းတာ၀န်ထမ်းဆောင်နေစဉ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ သိုင်းချောင်း - သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအားတွေ့ရှိရ၍  စစ်ဆေးစဉ် ၎င်းတို့ထဲမှ ၃ ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ ကွမ်းယာဆိုင်တွင် စုဝေးနေသည့် ကပ်သပြေကျေးရွာနေ မောင်လှမြင့် အသက် ၂၆ နှစ်၊ စံလှမောင် အသက်   ၃၂ နှစ်၊ အောင်တင်ရွှေ အသက် ၂၈ နှစ်၊ လှမောင်သန်း အသက် ၂၄ နှစ်၊ မောင်ငယ် အသက် ၂၉ နှစ်၊ လှနုအောင် အသက် ၃၀၊ စိုးလင်း(ခ)ကွန်ကျားအောင် အသက် ၃၂ နှစ်၊ ခင်ဝင်းမောင် အသက် ၂၁ နှစ်၊ မောင်သန်းလှိုင် အသက် ၂၄ နှစ်နှင့် စိုင်ခြုံဒွိန် ကျေးရွာနေ  လှမြင့် အသက် ၆၀ တို့ကို လက်ကိုင်ဖုန်း ၇ လုံး၊ အရိုး/အသွားပါ ၁၁ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

 

ဖမ်းဆီးရမိသူများ၏ စစ်ကြောထွက်ဆိုချက်များအရ လှမြင့်သည် ကပ်သပြေကျေးရွာနေ ညိုဖြူအောင် (ခ) အောင်အောင်ဆိုသူက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးခဲ့ကြောင်း၊ ညိုဖြူအောင်သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွင်    ၄၅ ရက်ခန့် သင်တန်းတက်ရောက်ခဲ့ပြီး တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ အေပြီလမှစ၍ ကပ်သပြေကျေးရွာအတွင်း အိမ်ထောင်စုတစ်စုလျှင် ဆက်ကြေးငွေကျပ် ၃၀၀၀  နှင့် ဆန်၊ ဆီ စသော ရိက္ခာများအား လစဉ် ကောက်ခံပေးရကြောင်း၊ ကောက်ခံရရှိသော ငွေနှင့်ရိက္ခာများအား စိုးလင်း (ခ) ကွန်ကျား အောင်မှတစ်ဆင့် ညိုဖြူအောင်(ခ)အောင်အောင် ထံပေးပို့ရပြီး ကျောက်ဖြူမြို့နယ်၏ နယ်မြေစည်းရုံးရေး တာဝန်ခံဖြစ်သူ ထွန်းခင်ထံ စာရင်းပြုစုပေးရကြောင်း၊ စိုင်ခြုံကျေးရွာအုပ်စုစာရေး ဦးစိုးမင်းထွန်း အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထွန်းခင်နှင့် ညိုဖြူအောင်တို့အဖွဲ့အား ဆိုင်ကယ်များဖြင့် သိုင်းချောင်းမှစိုင်ခြုံသို့ လိုက်လံပို့ဆောင်ပေးရကြောင်း၊ ၎င်း၏ဖုန်းအတွင်း၌ Whats Application တွင် 002 Arakan Dream အမည်ဖြင့် Group ဖွဲ့ထားပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားမှုများအား သတင်းပေးခြင်းများကို အသံဖိုင်များဖြင့် ပေးပို့မှုများပြုလုပ်ထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင်တို့မှအပ ကျန် ၈ ဦးအား ညိုဖြူအောင် (ခ) အောင်အောင်က စည်းရုံးသိမ်းသွင်းခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် မတ်လတွင် သိုင်းချောင်းကျေးရွာ၊ မေလတွင် ချောင်းဖျားကျေးရွာနှင့် စိုင်ခြုံကျေးရွာတို့တွင် စည်းရုံးရေး သွားရောက်ဆောင်ရွက်ခဲ့သည်ဟု သတင်းဖော်ထုတ်သိရှိရကြောင်း။

 

စစ်ကြောဖော်ထုတ်ချက်များအရ ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင်မှအပ ကျန် ၈ ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ၎င်းတို့အား ဇူလိုင် ၄ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

သတင်းစဉ်