ဘားအံ မတ် ၁၈

 

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံစက်မှုဇုန်ရှိ အဆိုပါစက်ရုံ တည်နေရာ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ကုမ္ပဏီတာဝန်ရှိသူများက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်သန်း ၅၉၀၀ ဖြင့် ကူဘူတာအမှတ်တံဆိပ် လက်တွန်းထွန်စက်(Power Tiller)များ၊ လယ်ယာသုံးစက်ပစ္စည်း များကို SKD စနစ်တပ်ဆင်ထုတ်လုပ်၍ မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ဖြန့်ချိမည့် ရှိုင်းထူးကုမ္ပဏီ၏ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ စက်ရုံဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စက်ရုံအတွင်း Engine Assembly Line တွင် ကူဘိုတာအင်ဂျင်များ တပ်ဆင်ထုတ်လုပ်နေမှု၊ Power Tiller Assembly Line တွင် လက်တွန်းထွန်စက် Power Tiller များတပ်ဆင်ထုတ်လုပ်နေမှု၊ တပ်ဆင်ထုတ်လုပ်ပြီး လယ်ယာသုံးစက်ပစ္စည်းများ၊ AImega (စက်ရုပ်လက်)ဖြင့် လက်တွန်းထွန်စက်၏ တွဲဖက်ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်မှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး စက်ရုံတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ယခုထုတ်လုပ်မည့် လက်တွန်းထွန်စက်သာမက ထွန်စက်ကြီးများအထိ တိုးတက်ထုတ်လုပ်၍ တောင်သူလယ်သမားများ အားကိုးအားထားပြုရသည့် ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဘားအံစက်မှုဇုန် ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဘားအံစက်မှုဇုန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်ရုံမန်နေဂျာ MR.APICHAI က စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းမင်းခိုင်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများက ရှိုင်းထူးကုမ္ပဏီက တပ်ဆင်ထုတ်လုပ်သည့် လက်တွန်းထွန်စက် တစ်စီးကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံဖွင့်ပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဒေသခံများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)