ဆိုးလ် မတ် ၂၈

(၈၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး၊ ဆိုးလ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မတ် ၂၆ ရက် ညပိုင်းတွင် ဆိုးလ်မြို့ Mondrian Seoul ltaewon ၌ ကျင်းပသည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံတော်သီချင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းတို့ဖြင့် ဂုဏ်ပြုခြင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက် တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ဆုတောင်းခြင်း၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင့်သူတို့က ဂုဏ်ပြု စကားများ ပြောကြားသည်။ (ယာပုံ) ထို့နောက် တပ်မတော်နေ့ကိုဂုဏ်ပြုသည့် မှတ်တမ်းဗီဒီယိုပြသ ခြင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုကိတ်ခွဲခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်သည်။ ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအသောက်များ (မုန့်ဟင်းခါး၊ ထမနဲ့၊ မုန့်လုံး ရေပေါ်) အပါအဝင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဆိုးလ်မြို့ အခြေစိုက် ဘီလာရုစ်သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့မှ သံအမတ်ကြီးများ၊ ဆိုးလ်အခြေစိုက် ပြည်ပနိုင်ငံများမှ စစ်သံမှူးများ၊ သံတမန်များ၊ အာဆီယံ-ကိုရီးယားဗဟိုဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ စုစုပေါင်း ၂၆၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်