(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာကုန်ထုတ်လမ်းသစ် ဖွင့်လှစ်

မော်လမြိုင် မတ် ၂၇

 

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ရိုးဂိုးကျေးရွာမှ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က ကုန်ထုတ်လမ်းသစ်နှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးဇော်လွင်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းသစ်အား       ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးကြသည်။

 

အဆိုပါ ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းအား ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၉၈ ဒသမ ၄၀၆ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး အိမ်‌ခြေ (၃၁၈) အိမ် အကျိုးပြုကာ တောင်သူဦးရေ ၆၀ တို့၏ လယ်ယာဧကပေါင်း ၅၃၀ မှ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

ဖြိုးကျော်(ပုံတောင်မြေ)