(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ပြည်ထောင်စုနေ့အမှတ်တရ စကားသံများ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နေပြည်တော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ပြည်ထောင်စုနေ့အမှတ်တရ စကားသံများကို ဖော်ပြလိုက်ပါသည်။ 

ဒေါ်နီနီမင်းသိန်း(ကြီးကြပ်သူ၊ ကယားပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့)

ကျွန်မတို့ ကယားပြည်နယ်အဖွဲ့မှာ  အဖွဲ့ဝင် (၂၈) ယောက်ပါပါတယ်။ ကျွန်မတို့အဖွဲ့က ပြည်ထောင်စုနေ့မှာ ကယားလူမျိုးတွေရဲ့ ရိုးရာအကအလှတွေနဲ့ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ အဲဒါကတော့ ကယားပြည်နယ် အတွင်းမှာရှိတဲ့ ကယား၊ ဇယိမ်၊ ကယမ်း(ပဒေါင်)၊ ဂေခို(ကဲ့ခို)၊ ဂေဘား၊ ပရဲ(ကယော)၊ မနုမနော၊ ယင်းတလဲနဲ့ ယင်းဘော် စတဲ့ အကတွေနဲ့ သီဆိုဖျော်ဖြေ သွားမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အခုလို စိန်ရတု ပြည်ထောင်စုနေ့ကို ပါဝင်တက်ရောက် ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာကြတဲ့ တိုင်းရင်းသားတွေ စုံစုံလင်လင်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် အင်မတန် ပျော်ရွင်မိပါတယ်။ ကလေးတွေအတွက်လည်း အခုလို အခွင့်အရေးမျိုးကို ရရှိတဲ့အတွက်လည်း သူတို့ကိုယ်စား ပိုပြီးတော့ ဝမ်းသာဂုဏ်ယူမိပါတယ်။ 

ဦးအောင်သူလတ် (အကနည်းပြတာဝန်ခံ-ကယားပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့)

ပြည်ထောင်စုနေ့ အကအဖွဲ့ကို ရွေးချယ်တဲ့အခါမှာ ကျွန်တော်တို့ ပါဝင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။ ကိုယ့်ရဲ့ ပြည်ထောင်စုအတွက် အခုလို လာရတဲ့အတွက် တိုင်းရင်းသား တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ဒီရောက်တော့လည်း လေ့လာရေး ခရီးစဉ်တွေ ပို့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ သိရှိလေ့လာခွင့်ရခဲ့ပါတယ်။ ဘုရားတွေလည်း ဖူးခွင့်ရပြီး မနေ့ကဆိုရင် အင်မတန်ထုထည်ကြီးမားတဲ့ မာရဝိဇယ ဆင်းတုတော်ကြီးကိုလည်း သွားရောက်ဖူးခဲ့ရပါတယ်။ ဒီနေ့မှာတော့ တီဗွီမှာပဲ အမြဲတမ်းတွေ့နေရတဲ့ လွှတ်တော်တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာရေး ရောက်ခဲ့တဲ့အတွက် အိမ်မက်တစ်ခုလိုပါပဲ။ လွှတ်တော်တွေရဲ့ လုပ်ဆောင်ရတဲ့ တာဝန်၊ အခန်းကဏ္ဍတွေကိုလည်း ဒီနေ့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်တို့ အရင် စာထဲမှာရှိခဲ့တဲ့ ညီနောင်တစ်စု တည်ထောင်ပြုတဲ့ ပြည်ထောင်စု ဆိုတဲ့ အနှစ်သာရကို အခုလို တိုင်းရင်းသားဆွေမျိုးပေါင်းစုံ လာတွေ့ဆုံရတဲ့အခါမှာ ပိုပြီးတော့ လက်တွေ့ကျကျ ခံစားရပါတယ်။  အဲဒီအနှစ်သာရကြောင့် ကိုယ်တိုင်လည်း ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မမြင်ဘူးတဲ့ ကချင်က တိုင်းရင်းသားတွေနဲ့ တွေ့ရတယ်။ မမြင်ဘူးတဲ့ ကရင်တွေနဲ့လည်းတွေ့ရတယ်၊ ပြီးတော့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကို မောင်နှမလို ဆက်ဆံကြတာဆိုတော့ ပိုပြီးတော့ အနှစ်သာရရှိရှိနဲ့ ပျော်စရာ ကောင်းပါတယ်။


အခုကျွန်တော်တို့ တက်ရောက်လာတဲ့ အချိန်အခါဟာ စိန်ရတုပွဲတော်ကြီးလည်း ဖြစ်ပါတယ်။ စိန်ရတု ပွဲတော်ကြီးမှာ ပါဝင်ရတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးကိုယ်စား အင်မတန် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

မနန်းဖြိုးဖြိုးစံ ( ကရင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့)

ကျွန်မတို့ ကရင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ၄၀ ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ ကရင်ရိုးရာ ဒုံးအက “ဖွံ့ဖြိုးဝေဆီ ဒို့ဌာနေ” ဒုံးအကနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒုံးအဖွဲ့ကလူတွေဆိုရင် ရွာကလူတွေလည်း ပါကြပါတယ်။ ကိုယ်မရောက်ဘူးတဲ့ နေရာတွေကိုလည်း လေ့လာခရီး လိုက်ပို့ပေးတဲ့အတွက် အသိပညာ ဗဟုသုတ တော်တော်များများ ရရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဒီလိုဗဟုသုတရအောင် ပို့ဆောင်ပေးတဲ့အတွက် တာဝန်ရှိပုဂ္ဂိုလ် အားလုံးကို ကျေးဇူးတင်ပါတယ်။ 

ဒီလိုမျိုး တိုင်းရင်းသားတွေ စုံစုံညီညီ တွေ့ရဖို့ဆိုတာကလည်း မလွယ်ပါဘူး။  တစ်နေရာနဲ့ တစ်နေရာ သွားဖို့ဆိုတာလည်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ ရှိပါတယ်။  ကိုဗစ်-၁၉ ရောဂါကြောင့် သွားရောက်ဖို့ အဆင်မပြေပါဘူး။ (၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိသလို မောင်နှမသားချင်း တိုင်းရင်းသားအားလုံးနဲ့ ဆုံတွေ့ခွင့်ကို နောင်နှစ်တွေလည်း ကြုံချင်ပါတယ်။ 

ဒေါ်ဆာဆု (အုပ်ချုပ်သူ၊ ချင်းပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့) 

ကျွန်မတို့ ချင်းပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့အနေနဲ့ စုစုပေါင်း ၃၇ ယောက် ပါပါတယ်။ ကျွန်မတို့ရဲ့ ခူမီးလူမျိုးတွေရဲ့ ရိုးရာအကနဲ့ “ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေ” သီချင်းနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီမှာ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ရတဲ့အတွက်ကြောင့်မို့ ကိုယ့်ညီအစ်ကို မောင်နှမတွေ ပြန်ဆုံတွေ့ရသလို ကြုံတောင့်ကြုံခဲ စိန်ရတုမှာမို့ တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာ ကြည်နှုးမိပါတယ်။ 
 
ဦးခေါင်ဂျုံး( ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့)

ကျွန်တော်တို့ ကချင်တိုင်းရင်းသား မျိုးနွယ်စု ၆ စုပါ ပါတယ်။ အဲဒီမျိုးနွယ်စု ၆ စု အကနဲ့ ကပြဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ နေပြည်တော်ကို ပထမဆုံးအကြိမ် လာရောက်ခွင့် ရတဲ့အတွက်လည်း ကံကောင်းတယ်လို့ ခံယူပါတယ်။ နေပြည်တော်မှာ ရောက်နေစဉ်မှာလည်း  ဒီမှာရှိတဲ့ အထင်ကရ နေရာတွေကို သွားရောက်လေ့လာခွင့်ရတဲ့အတွက် အသိပညာ ဗဟုသုတတွေ တော်တော်များရရှိပါတယ်။ အခုဒီမှာ တိုင်းရင်းသား ပေါင်းစုံနဲ့ ဆုံစည်းခွင့် ရတယ်။ ယဉ်ကျေးမှုတွေ ဖလှယ်ခွင့်ရတယ်၊ အချင်းချင်းနှုတ်ဆက်ခွင့်နဲ့  သူတို့ စကားသံလေးတွေကိုလည်း ကြားရတဲ့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အတွေ့အကြုံသစ် တွေဖြစ်ပါတယ်။ 

သန်းမင်းအောင်(သတင်းစဉ်)