(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးညှင်းမြို့နယ် မော်ဟန် အခြေခံ ပညာအထက်တန်း ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၃

 

(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ကံ့ကော်ဆောင် (၄)ခန်းတွဲ နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ ကျောင်းဆောင်သစ်တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြသည်။

 

ရှေးဦးစွာ ကျောင်းဆောင်သစ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ မိုးညှင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲအောင်၊ မော်ဟန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးခိုင်ဝေနှင့် မော်ဟန်-နမ္မချီမှော်ကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်နှစ်ဦးတို့က ဖွင့်လှစ်ခဲ့ကြသည်။

 

အခမ်းအနားတွင် အဆိုပါကျောင်းဆောင်သစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်တို့က ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းအကျိုး‌တော်‌ဆောင် ဦးသန်းနိုင်က ရှင်းလင်းပြောကြားကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမူက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

အဆိုပါကျောင်းဆောင်သစ်သည် အလျား(၁၄၅)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၄)ပေရှိ ၄ခန်းတွဲ နှစ်ထပ်‌ကျောင်းဆောင်သစ် ဖြစ်ပြီး ကျောက်မျက်ဖွံ့ဖြိုးမှု ရန်ပုံငွေ(CSR)မှ ကျပ်သိန်း ၄၅၀၊ နမ္မချီ ကျောက်မျက် လုပ်ငန်း များအသင်းဥက္ကဌ ဦးယိမ်းဘောင်နှင့်အဖွဲ့၊ ဒေသခံအလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း(၁၀ဝဝ)ခန့် တို့ဖြင့် ကိုယ်ထူကိုယ်ထမတည်၍ ၂ဝ၁‌၇ခုနှစ် ဇွန်မှစတင်ဆောက်လုပ်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့ပြီး ယနေ့တွင်အောင်မြင်စွာဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နီတိုး