(၇) ကြိမ်မြောက် အာဆီယံ ကျန်းမာသော နေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ     အစုအဖွဲ့ - ၁ အစည်းအဝေး (7th Meeting of ASEAN Health Cluster 1: Promoting Healthy Lifestyle) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ 

 

နေပြည်တော်၊ ဇန်နဝါရီ ၃၁

(၇)ကြိမ်မြောက် အာဆီယံ ကျန်းမာသော လူနေမှုစနစ်မြှင့်တင်ရေး ကျန်းမာရေး ဆိုင်ရာ အစုအဖွဲ့ - ၁ အစည်းအဝေး (7th Meeting of ASEAN Health Cluster 1: Promoting Healthy Lifestyle) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် (၈) နာရီခွဲတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံနိုင်ငံများ၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ASEAN Senior Officials' Meeting on Health Development (SOMHD) ၏ မြန်မာနိုင်ငံဆိုင်ရာ သဘာပတိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာ တွင် (၂၀၂၃) ခုနှစ်နှင့် (၂၀၂၄) ခုနှစ် (၂) နှစ်တာ ကာလအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ၍ အာဆီယံ ကျန်းမာရေးဆိုင်ရာအစုအဖွဲ့-၁ ကို မြန်မာနိုင်ငံမှ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့ -၁ ပါ လုပ်ငန်းရပ်များကို မဟာဗျူဟာ စီမံကိန်းနှင့် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့၏ ၂၀၁၅ ခုနှစ် နောက်ပိုင်း ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် (ASEAN Post-2015 Health Development Agenda - APHDA)အရ အာဆီယံအသိုင်းအဝိုင်းအတွင်း ကျန်းမာသော နေထိုင်မှုစနစ်ရရှိစေရန် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များ၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျန်းမာရေးစနစ် မြှင့်တင်ရန် လိုအပ်ချက်များအား လုပ်ငန်းစီမံချက်တွင်ပါရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဆောင်ရွက်မှု လုပ်ငန်းစဉ် အသစ်များနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံအချင်းချင်း မျှဝေပေးရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။ 

ယင်းနောက် အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ (ASEAN Health Cluster 1) ကို (၂၀၂၃) ခုနှစ်နှင့် (၂၀၂၄) ခုနှစ်အတွက် (၂) နှစ်တာ တာဝန်ယူဆောင်ရွက်ရန် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာပတိတာဝန် လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံက လက်ခံရယူသည်။

ထို့နောက် အစည်းအဝေးကို မြန်မာနိုင်ငံက သဘာပတိအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင် နိုင်ငံမှ ပူးတွဲသဘာပတိအဖြစ်လည်းကောင်း တာဝန်ယူ၍ ဆက်လက်ကျင်းပသည်။ အစည်း အဝေးတွင် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး၊ အရက်သောက်သုံးမှု ထိန်းချုပ်ရေး၊ ထိခိုက်မှုအန္တရာယ်ကာကွယ် ရေး၊ စိတ်ကျန်းမာရေး၊ လုပ်ငန်းခွင်ကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေးနှင့် ကျန်းမာသော အစားအသောက်များ ရွေးချယ်စားသုံးနိုင်ရေး စသည်တို့နှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ ၂၀၁၅ ခုနှစ်နောက်ပိုင်း ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် (ASEAN Post-2015 Health Development Agenda - APHDA) အရ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ဆွေးနွေးမည်ဖြစ်ပြီး ဇန်နဝါရီ (၃၁) ရက်မှ ဖေဖော်ဝါရီ (၂) ရက်အထိ အစည်းအဝေးကို သုံးရက်တာ ကျင်းပဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  
      
အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အာဆီယံကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ ASEAN Health Cluster 1 ဆိုင်ရာ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်း များမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်