(၆)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

(၆)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နှင့် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့မှ ခေါင်းဆောင်များ၊ JICM ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "မကြာခင်က UPDJC အစည်းအဝေးကိုလုပ်ခဲ့ပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကလည်း နာမည်အမျိုးမျိုးပါပဲ။ JICM, UPDJC, JMC, NCA စသဖြင့်ရှိပါတယ်။ ဒါတောင်မှ နိုင်ငံရေးပါတီတွေရဲ့ နာမည်တွေ မပါသေးဘူး"။

"ဒီလိုအဖွဲ့အစည်းအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ရှိပေမယ့် အားလုံးတူညီတာကတော့ အားလုံးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ထူထောင်ထားတယ်လို့ နားလည်ပါတယ်။ NRPC ဆိုတာလည်း ငြိမ်းချမ်းရေးအတွက်ပါပဲ။ ထိုနည်းလည်းကောင်းပဲ JICM ဆိုတာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီဖို့၊ ဖေးမဖို့ ဆိုပြီးတော့ ထူထောင်ထားတာဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့အားလုံးဟာ ဒီစိတ်ဓာတ်နဲ့ပဲ ဆက်ပြီးတော့ အစည်းအဝေးကို ကျင်းပဖို့လိုပါတယ်။ ကျွန်မတို့ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ လွယ်မယ့်ဖြစ်စဉ်လို့လည်း မသတ်မှတ်ခဲ့ပါဘူး။ အထစ်အငေါ့တွေလည်းရှိပါတယ်။ အခက်အခဲတွေလည်း ကျော်လွှား ဖို့ရှိခဲ့ပါတယ်။ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး"။

"လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်မြေပြင်မှာ လိုအပ်တာက ရုပ်ပိုင်းဆိုင်ရာသတ္တိပဲဆိုတာ လူတိုင်းသိကြပါတယ်။ ကျွန်မတို့ရဲ့ ငြိ်မ်းချမ်းရေးဖြစ်စဉ် အစည်းအဝေးတွေမှာ လိုအပ်တာကတော့ စိတ်ပိုင်းဆိုင်ရာသတ္တိပဲဖြစ်ပါတယ်။ တိုတိုပြောရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာသတ္တိဆိုတာ ရန်သူကို ရင်ဆိုင်ရဲတဲ့သတ္တိဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာသတ္တိဆိုတာ ကိုယ့်ကိုယ်ကိုရင်ဆိုင်ရဲတဲ့ သတ္တိပဲဖြစ်ပါတယ်။ ကျွန်မတို့အားလုံးဟာ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့၊ မှန်ကန်တဲ့အဖြေကို ရှာရဲတဲ့သတ္တိရှိရပါမယ်။ ဒီအဖြေတွေကို ရနိုင်၊ မရနိုင်ဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်"။

"ဒါကြောင့် အလျှော့အတင်းလုပ်တာဟာ အင်မတန်မှအရေးကြီးပါတယ်။ ရင်ဆိုင်ရဲတဲ့သတ္တိဆိုတာ အမှန်တရားကို ရင်ဆိုင်ရဲတဲ့သတ္တိပါသလို၊ လိုအပ်တဲ့နေရာမှာ အလျှော့အတင်းလုပ်ဖို့၊ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ ချက်ချင်းလက်ငင်း အဖြေတွေရှာလို့ မရသေးဘူးဆိုရင်လည်း ရှာလို့မရသေးဘူးဆိုတာကို သေသေချာချာ ရင်ဆိုင်ပြီးတော့ အဖြေရအောင်ရှာရမှာပါ"။

"ကျွန်မတို့ တစ်ကယ်ပဲဆန္ဒရှိတယ်ဆိုရင် ဘာမဆို မလုပ်နိုင်စရာအကြောင်း မရှိပါဘူး။ ကျွန်မတို့ အခု အခန်းထဲမှာထိုင်နေတဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်များအားလုံးဟာ ငြိမ်းချမ်းရေးကို လိုချင်ကြတယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို တခြားလူတွေ လိုချင်တာ မလိုချင်တာထက် အလိုချင်ဆုံးကတော့ ကျွန်မတို့ ပြည်သူလူထုပါပဲ။ ပြည်သူလူထုဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ ငြိမ်းချမ်းမှလည်း တိုးတက်နိုင်မယ်။ တိုးတက်မှလည်း ဖွံ့ဖြိုးနိုင်မယ်ဆိုတာ အားလုံးသဘောပေါက်ကြပါတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးရအောင် အတတ်နိုင်ဆုံးကြိုးစားရမှာက ဒီအခန်းထဲမှာထိုင်နေတဲ့ အစည်းအဝေး တက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ တာဝန်ဟာ ကြီးမားသလို ခက်ခဲ ပါတယ်။ ကြီးမားခက်ခဲလို့ ကျေပွန်စွာမထမ်းဆောင်နိုင်ဘူးရယ်လို့လည်း မဟုတ်ပါဘူး။ ကြီးမားလေလေ၊ ခက်ခဲလေလေ ပိုပြီးတော့ ဝီရိယစိုက်ထုတ်ရလေလေလို့ ဒီလိုပဲ သတ်မှတ်ရမှာဖြစ်ပါတယ်"။

"ကျွန်မတို့ အခုဒီအစည်းအဝေးကို ကျင်းပတဲ့နေရာမှာ အဓိက မျက်ခြည်မပြတ်ရမှာကတော့ ပြည်သူရဲ့မျက်နှာပါပဲ။ ငြိမ်းချမ်းရေးကို လွတ်လပ်ရေးရစဉ်က စပြီးတော့ လိုလားတောင့်တနေကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ ဒီအစည်းအဝေးမှာ ဖြေရှင်းစရာရှိရင် ဖြေရှင်းမယ်။ တိုင်ပင်ပြီးတော့ ဆက်ပြီးတော့ နောက်တစ်လှမ်းတက်စရာရှိရင် တက်လှမ်းမယ်။ နောက် နှစ်လှမ်းတက်စရာရှိရင် တက်မယ်။ နောင်အတွက်လည်း ကျွန်မတို့ ပိုပြီးတော့ကောင်းမွန်တဲ့၊ ချောမွေ့တဲ့၊ လမ်းကိုခင်းသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးဝိုင်းဝန်းပြီး တော့ ဆွေးနွေးပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်ဟု" ပြောကြားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက " (၆)ကြိမ်မြောက်JICM အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများနဲ့ NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်ကြီးများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့ပါကြောင်းနှင့် နိုင်ငံတော်၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရာမှာ ငြိမ်းချမ်းစွာဖြင့် နိုင်ငံရေး စားပွဲဝိုင်းကြီးတွေမှာ မတူညီတာတွေကို ချန်လှပ်ပြီး တူညီတာတွေကို ပေါင်းစည်းဆောင်ရွက်ရာမှာ အပြန်အလှန် ယုံကြည်မှုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သ အပ်ပါတယ်"။

"ဒီနေ့ ဒီမိုကရေစီအစိုးရ ဒုတိယ ၅ နှစ်သက်တမ်းအတွင်းမှာ ဒုတိယအကြိမ် မြောက်ကျင်းပခဲ့တဲ့ JICM အစည်းအဝေးမှာ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီး စုံလင်စွာ တက်ရောက်လာကြတဲ့ အတွက်လည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလည်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားလိုပါတယ်''။

"ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရာမှာ JICM ရဲ့ အခန်းကဏ္ဍဟာလည်း အဓိကမောင်းနှင်အားတစ်ခုပဲ ဖြစ်ပါတယ်။ UPDJC လုပ်ငန်းကော်မတီများရဲ့ အသေးစိတ် ဆွေးနွေးအဖြေရှာမှုအပေါ် အတွင်းရေးမှူးအဖွဲ့မှ တစ်ဆင့် UPDJC မှာ သဘောတူဆုံးဖြတ်ပြီး အချက်များရှိမှာ ဖြစ်သလိုပဲ သဘောထားကွဲပြားမှုများ ရှိလာရင်လည်း အခုလို JICM မှာ ခေါင်းဆောင်အသီးသီးက စုပေါင်းဆွေးနွေးအဖြေရှာပြီး အဖြေထုတ်ကြရမှာဖြစ်တဲ့အတွက် JICM အစည်းအဝေးဟာ အလွန်အရေးကြီးတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုလိုခြင်းလည်း ဖြစ်ပါတယ်"။

"ဒီနေ့အစည်းအဝေး အစီအစဉ်အမှတ်စဉ် (၅)၊(၆)၊(၇)၊(၈)၊(၉)နဲ့ (၁၀)ပါအချက် များဟာ JMC၊ UPDJC တို့ ဆွေးနွေးရေးဆွဲမှုမှတစ်ဆင့် ရရှိလာတဲ့အချက်များကို အတည်ပြုနိုင်ရေး ဆွေးနွေးကြဖို့လည်း လိုအပ်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒီလိုဆွေးနွေးအတည်ပြုရာမှာ ပုထုဇဉ် လူသားများတဲ့အတွက် မိမိရဲ့လိုအင်ဆန္ဒ အသီးသီးကို အလွန်အကျွံ ရှေ့တန်းမတင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ပကတိလိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာသက်ပန် စောင့်ထိန်းလိုစိတ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနှင့် ရာသက်ပန် စောင့်ထိန်းလိုစိတ်များကို အခြေခံပြီး ဆွေးနွေးအတည်ပြုနိုင်ရေးကိုလည်း ပြောကြားလိုပါတယ်။

"ဒီလိုဆွေးနွေးအတည်ပြုရာမှာလည်း အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမယ့်အချက် တစ်ချက်ကတော့ JMC၊ UPDJC၊ JICM စသည်တို့ဟာ NCA စာချုပ်ရဲ့ နောက်ဆက်တွဲလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းတာဖြစ်တာကြောင့်၊ အခြေခံအားဖြင့် ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးဦးတည်ချက်ကို မျက်ခြေပျက်မခံဘဲ လုပ်သင့်လုပ်ထိုက်တာ၊ ဆွေးနွေးအဖြေရှာထိုက်တာတွေကို ဆက်လက် လုပ်ဆောင်ဆွေးနွေးကြဖို့လည်း လိုအပ်ပါတယ်"။

"တစ်နည်းအားဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလ က်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဆိုတာကို မျက်ခြေမပျက်ရှိဖို့ လည်းပဲသတိရှိဖို့ လိုပါတယ်"။

"ငြိမ်းချမ်းရေးကို တည်ဆောက်ချိန်အတွင်း ကြားကာလများမှာ နားလည်မှုလွဲမှား စေနိုင်တဲ့ ကိစ္စရပ်တွေ ရှေ့တန်းတင်ခြင်း၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ဝင်ရောက်စွက်ဖက်ခြင်း၊ ကျော်လွန်လုပ်ဆောင်ခြင်းစတဲ့ ရှောင်ရန်အချက်များကိုလည်း လက်အောက်မှ တပ်ဖွဲ့ဝင်များအထိ စောင့်ထိန်းလိုက်နာကြဖို့ကိုလည်း လမ်းညွှန်ပေးကြဖို့ အထူးပဲလိုအပ်ကြောင်း ဆွေးနွေးလိုပါတယ်။

"ဒါ့အပြင် NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးအဖြေရှာပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားညီအစ်ကို လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကိုလည်း NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်အဖြစ် ဆောင်ရွက်ရာမှာ ဒီလိုနိုင်ငံရေး စားပွဲဝိုင်းတွေဆီ တက်ကြွစွာပါဝင်လာရေး၊ ကျွန်တော်တို့ JICM၊ UPDJC၊ JMC အဖွဲ့ဝင်များအားလုံးကလည်း တက်ကြွစွာ စည်းရုံးဆွေးနွေးပြီး ပါဝင်လက်တွဲလာနိုင်အောင် ဆက်လက်ကြိုးပမ်းသွာကြရမှာ ဖြစ်ပါတယ်"။

"ကျွန်တော်တို့ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရသူများပီပီ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာမှာရော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရာမှာရော ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားလျက် ငြိမ်းချမ်းရေးမူ (၆)ရပ်နဲ့အညီ ခိုင်မာစွာရပ်တည်ပြီး နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အကောင်အထည်ဖော်မှုတွေမှာ တက်ကြွစွာပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးလိုပါတယ် " ဟု ပြေကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးက "ကြွရောက်လာကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့များ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်မှအရာရှိများ၊ NRPC ငြိမ်းချမ်းရေးကော်မရှင်မှ ခေါင်းဆောင်များ၊ JICM ကိုယ်စားလှယ် EAOမှ ခေါင်းဆောင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ နည်းပညာအထောက်အကူနှင့် ဝန်ထမ်းများအားလုံးကို ရှေးဦးစွာကျန်းမာကြစေလိုကြောင်း EAO များကိုယ်စား ဆုမွန်ကောင်း တောင်း လိုက်ပါတယ်။

"အခုလို ကျွန်တော်တို့ EAO (၈)ဖွဲ့ကိုယ်စား တောင်းဆိုတင်သွင်းထားတဲ့ JICM ကို ခေါ်ယူကျင်းပပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း မူလက သဘောတူထားတဲ့အတိုင်း ယနေ့မှစပြီး ၃ လ တစ်ကြိ်မ် ပုံမှန် ခေါ်ယူကျင်းပသွား လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ပုံမှန် ၃ လ တစ်ကြိမ်ပြီးရင် အရေးပေါ်လိုအပ်ပါကလည်း ကျွန်တော်တို့ ဒီလိုတွေ့ဆုံပွဲကို ခေါ်ယူဖို့လိုပါတယ်"။

"ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအခြေခံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးအကောင်အထည်ဖော်မှုတွေ လအနည်းငယ် ဆိုင်းငံ့သွားတာနဲ့ပတ်သက်ပြီး အနည်းငယ် ပြောချင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ EAO (၈)ဖွဲ့ကြားမှာ ပြုလုပ်ပြီးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ညှိနှိုင်းသုံးသပ်မှုတွေလုပ်ဖို့ အမှန်တကယ် လိုအပ်တဲ့အတွက် လုပ်ခဲ့တာတွေ အများကြီးရှိပါတယ်"။

"နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆိုင်းငံ့သွားခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ အချင်းချင်း ကြားထဲမှာတော့ စဉ်ဆက်မပြတ်ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ NCA ကိုအခြေခံပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်တယ်။ ဒါပေမယ့် အမျိုးသား ရင်ကြားစေ့ရေးကိစ္စကိုတော့ မေ့ထားလို့ မရပါဘူး။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကွဲပြားနေတဲ့ လူမှုအဖွဲ့အစည်းတွေကြားမှာ မတူတဲ့ အယူအဆခံယူချက်တွေကို အချင်းချင်း အပြန်အလှန် နားထောင်ပေးခြင်း၊ ညှိနှိုင်းခြင်း၊ ဘုံရည်မှန်းချက်အတွက် အဖြေရှာခြင်းဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသား ရင်ကြားစေ့ရေးက  အရေးကြီးပါတယ်။ ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နေခြင်းကလည်း အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တာပဲဖြစ်ပါတယ်"။

"ဒါအပြင် တရားဝင်အစည်းအဝေးတွေမတိုင်ခင် အလွတ်သဘောအနေနဲ့ ကြိုတင်တွေ့ဆုံညှိနှိုင်းခြင်း အစီအစဉ်တွေကို ဖန်တီးပေးခြင်းကလည်း အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကကျတဲ့ State Holder အားလုံးကြားထဲမှာ သဟဇာတဖြစ်တဲ့ အနာဂတ်တိုင်းပြည်ကို တည်ဆောက်ဖို့ဆိုရင် အားလုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်အခြေခံမူတွေကို အုတ်မြစ်ချကြဖို့ လိုပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့လည်း လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မျိုးဆက်သစ်အတွက် ချန်ရစ်ခဲ့တဲ့ ငြိမ်းချမ်းရေးအမွေပဲ ဖြစ်ပါတယ်"။

"အားလုံးရည်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို မြန်မြန်သွားနိုင်တာ ကောင်းတယ်ဆိုပေမယ့်လည်း အယူအဆမတူမှုတွေကြားမှာတော့ အချိန်ယူပြီး ကျေကျေလည်လည်ညှိနှိုင်းတဲ့ အခင်းအကျင်းနဲ့ သွားသင့်ပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးပွဲတွေမှာ ဒီအခြေခံနဲ့သွားကြဖို့ တိုက်တွန်းလိုပါတယ်။ နောက်တစ်ခုက လုပ်ငန်းစဉ်တွေကို ပတ်ဝန်းကျင်တာဝန်ခံမှုတွေကလည်း အရေးကြီးပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်" ဟု ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက အစည်းအဝေး ကျင်းပမည့် အစီအစဉ်များ အတည်ပြုခြင်းနှင့် NCA အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်အဖွဲ့အစည်းအဝေး အစီရင်ခံစာတင်ပြခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှ ရေးဆွဲထားသော ToR နှင့် SOP များတင်ပြခြင်း၊ အတည်ပြုခြင်း၊ အမျိုးသားအဆင့် နိ်ုင်ငံရေးဆွေးနွေးပွဲများ National Dialogue ဆိုင်ရာကိစ္စများ ဆွေးနွေးခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ကြသည်။

ဆွေးနွေးမှုများအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် "၆ ကြိမ်မြောက် JICM အစည်းအဝေးကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်ပြီးဆွေးနွေးမှုတွေမှာ နှစ်ဖက် ထိလွယ် ရှလွယ်တဲ့ကိစ္စတွေကို ကျွန်တော်တို့အားလုံး နားလည်မှု၊ ခံယူမှု၊ သဘောထားကြီးမှုတွေနဲ့ ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်ထားရှိဖို့လိုပါတယ်။ နောက်ဆုံးအချက်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီးကို အတူတကွ တည်ဆောက်ကြပါ" ဟု ပြောကြားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက "ဒီကနေ့ ဆွေးနွေးတဲ့အချိန်မှာ ကောင်းတဲ့ရလဒ်တွေရှိသလို ဆက်လက်ပြီးဆွေးနွေးရမယ့် အချက်တွေလည်း ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ တပ်မတော်ပိုင်းအနေနဲ့က ဒီ ToR၊ SOP တွေက ထာဝရငြိမ်းချမ်းရေး မရမချင်းသွားနေရမယ့် လုပ်ငန်းစဉ်တွေဖြစ်တဲ့အတွက် UPDJC မှာ ဆွေးနွေးတာတွေရော၊ JICM မှာဆွေးနွေးတာတွေရော၊ အရင်နေ့တွေကရော ကျွန်တော်ဦးစီးပြီး ရှိတဲ့ ဗိုလ်ချုပ် ကြီးတွေနဲ့တိုင်ပင်ပြီးတော့ အသေးစိတ်တစ်ချက်ချင်း ပြန်ပြီးတော့ကြည့်တဲ့ အခါမှာ အခုလိုမျိုး လိုအပ်ချက်လေးတွေ ဒါ Concept အသစ်တွေတော့ မဟုတ်ပါဘူး။

"ဒါတွေက NCA မှာပါတဲ့ စာသားတွေရယ်၊ ပြီးတော့ လက်ရှိလုပ်ခဲ့တဲ့ ၂၀၁၅ ကနေ ဒီဘက် နောက်ပိုင်းလုပ်ခဲ့တဲ့ UPDJC အစည်းအဝေးတွေ ဒီအပေါ်မှာ ပြောတာဆိုတာတွေနဲ့ ကျွန်တော်တို့ မှတ်သားထားတာတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ဒီထက်ကောင်းမလားဆိုတဲ့ အနေအထားကို ကျွန်တော်တို့ အတည်ပြုတဲ့အခါမှာ မလွဲအောင်၊ သေချာအောင် ဆွေးနွေးခြင်းဖြစ်တယ်လို့ ပြောလိုပါတယ်။

"နောက်တစ်ခုကလည်း ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာ ထူးခြားတဲ့ အကျိုးကျေးဇူး ရလဒ်ကတော့ RCSS ပတ်သက်တဲ့ ခက်ခဲနေတဲ့ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ အကျိုးရလဒ်ရပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ Win Solution Win သီအိုရီအရပဲ သူလည်းမနာ ကိုယ်လည်းမနာ၊ သူ့ဘက်လည်းမဟုတ်၊ ကိုယ့်ဘက်လည်းမဟုတ်။ ဒါလည်းပဲ အဓိကကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြားဝင်ပြီးတော့မှ စေ့စပ်ဆောင်ရွက်မှုတွေအရ အောင်မြင်ခဲ့တဲ့ အချက်တစ်ချက်ဖြစ် တဲ့အတွက် ဒီအစည်း အဝေးရဲ့ အောင်မြင်တဲ့ အနှစ်သာရလို့ပဲ ကျွန်တော်တို့ ဆွေးနွေး လိုပါတယ်။ နောင်ကိုလည်းပဲ ကျွန်တော် အဖွင့်မှာပြောခဲ့သလို သူ့ဆန္ဒ ကိုယ့်ဆန္ဒ မလျော့သောဇွဲနဲ့ ဆွေးနွေးရင်းနဲ့ပဲ ကောင်းတဲ့ရလဒ်တွေ၊ ကောင်းတဲ့အဖြေတွေ ဆက်ပြီးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်" ဟုပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မအနေနဲ့ အခုလို JICM အစည်းအဝေးမှာ အရေးကြီးတဲ့ သဘောတူညီချက်တစ်ခု ရတယ်ဆိုတာဟာ သဘောတူညီချက် တစ်ခုတင်မဟုတ်ပါဘူး စိတ်ဓာတ်ရဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တကယ့်ပင်လုံစိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ် ဓာတ်ကို အားပေးရာ ရောက်တာဖြစ်တဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ အင်မတန်မှ ကျေနပ်ပါတယ်။ နောက်ပြီး ဟိုဘက်ဒီဘက် လျော့ပေးသင့်တဲ့နေရာမှာ လျော့ပေးပြီးတော့ လုပ်ဆောင် သွားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုလည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အခုအစည်း အဝေးမှာဆိုရင် သဘောမတူညီချက်လေးတွေ ဆွေးနွေးခဲ့တာ တွေရှိတယ်။

"တစ်ချို့ဟာတွေက ဆက်ပြီးဆွေးနွေးရမယ်ဆိုပြီး ကျွန်မတို့သဘောတူလိုက်ပါတယ်။ သဘောမတူဘူး သဘောတူခြင်းဆိုတာကိုက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးဟာ တစ်သဘောတည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အများရဲ့ ကောင်းကျိုးအတွက် မတူညီတဲ့သဘောထားတွေကို ညှိနှိုင်းတဲ့ အရည်အချင်းဆိုတာက အဓိက ဖြစ်ပါတယ်။ အခု ဒီအစည်းအဝေးမှာဆိုရင် ဟိုဘက်ဒီဘက် ဒီအရည်အချင်းရှိတယ်ဆိုတာကို ပြသနိုင်လိုက်တာကြောင့် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မုချမသွေအောင်မြင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အချိန်ကာလကြာတာ၊ တိုတာကတော့ ကျွန်မတို့အားလုံးရဲ့ လုံ့လ ဝီရိယစိုက်ထုတ်မှုနဲ့ အရေးကြီးဆုံးကတော့ ပြည်သူလူထုရဲ့ ပံ့ပိုးပါဝင်မှုအပေါ်မှာ တည်ပါတယ်။

"ပြည်သူကတော့ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဘာမဆိုလုပ်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် ပြည်သူရဲ့ဆန္ဒဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ဒီအစည်းအဝေးမှာ လာပြီးတော့ ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်များ၊ ပါဝင်ပေးတဲ့ပုဂ္ဂိုလ်များအားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ပါတယ်"ဟု ပြောကြားသည်။

အစည်းအဝေးအပြီးတွင် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဦးဇော်ဌေးတို့က မီဒီများနှင့်တွေ့ဆုံ၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုနှင့် ဆွေးနွေးပွဲရလဒ် အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြသည်။

ယနေ့ကျင်းပသည့် JICM အစည်းအဝေးတွင် (၁) တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်အဖွဲ့၏ အစီရင်ခံစာကို အတည်ပြုခြင်း၊(၂) RCSS-SSA ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပပြုလုပ်ရန်၊ (၃) ALP ၏ အမျိုးသားအဆင့် နိုင်ငံရေးပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ (၄) ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်၊ (၅) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန်၊ (၆) ၇ ကြိမ်မြောက် JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန်၊ (၇) ဆက်လက်ဆွေးနွေးရန် အချက်အချို့မှအပ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ လုပ်ငန်းလမ်းညွှန် ToR များနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံလုပ်နည်း Standard Operating Procedure-SOP များကို အတည်ပြုခြင်း စသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

Ref; Myanmar State Counsellor Office