(၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်း

ရန်ကုန် ၁၆  ဇွန် 

 

၂၀၂၀ ခုနှစ်၊ နီပေါနိုင်ငံတွင် (၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ၏ အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ ယင်းအစည်းအဝေးကြီး၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၆ ရက်၊ နံက် ၈ နာရီက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၊ ငမိုးရိပ်(ပါရမီ)တံတား အနီး၊ ပင်လုံလမ်းနှင့် ပါရမီလမ်းစုံရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရက အဖွင့်အမှာစကား မိန့်ကြားသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ (IATBU)၏ အတွင်းရေးမှူး အောက်စ်ဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိက အစည်းအဝေး၏ အစီရင်ခံကို တင်သွင်းလျှောက်ထားပြီး အစည်းအဝေး တက်ရောက်လာကြသော ထေရဝါဒဗုဒ္ဓတက္ကလိုလ်များမှ ပါမောက္ခဆရာတော်များနှင့် လူပုဂိုလ်များက နီပေါနိုင်ငံတွင် ကျင်းပမည့် အစည်းအဝေးဆိုင်ရာနှင့် စပ်လျဉ်း၍ ဆွေးနွေးလျှောက်ထားကြကာ ဝိုင်းဝန်းလျှောက်ထား ဆွေးနွေးမှုအပေါ် ဆုံးဖြတ်ချက်များကို ဆရာတော်ကြီးများကချ မှတ်သည်။

 

အပြည်ပြည်ဆိုင်ရာ ထေရဝါရဗုဒ္ဓ တက္ကသိုလ်ကို (၂၀ဝ၇) ခုနှစ်တွင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များ အစည်းအဝေးကို ပထမအကြိမ်အဖြစ် ပုပ္ပါး၊ ဒုတိယ အကြိမ် စစ်ကိုင်း၊ တတိယအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်၊ စတုတ္ထအကြိမ် အစည်းအဝေးကို အင်ဒိုနီးရှား၊ ပဉ္စမအကြိမ် အစည်းအဝေးကို သီရိလင်္ကာ နိုင်ငံနှင့် ဆဋ္ဌမအ ကြိမ်အဖြစ် အစည်းအဝေးကို (၂၀၂၀) ခုနှစ်တွင် နီပေါနိုင်ငံ၌ (၃)ရက်တိုင် ကျင်းပမည်ဖြစ်သည်။    

   
    
ယခင်က အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များ အစည်းအဝေးကို တက္ကသိုလ်(၂၄)ခုဖြင့် ကျင်းပခဲ့ရာမှ ယခုအခါ သီတဂူဆရာတော် ဘုရားကြီး၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာမှ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်(၄၀)ထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ရာ အဆိုပါ အစည်းအဝေးပွဲ တစ်ကြိမ်လျှင် ဒေါ်လာ(၅)သောင်းဖြင့် ဆရာတော်ဘုရားမှ လှူဒါန်းကျင်းပခဲ့ခြင်း ဖြစ်သည်။ 

 

IMG_2019

 

“ထေရဝါဒ သံဃာတော်များရဲ့ စည်းလုံးညီညွတ်ရေး၊ ထေရဝါဒဗုဒ္ဓ ဘာသာအတွက် အရေးကြုံခဲ့ရ င် တစ်နေရာက နေရပ်မယ်။(၂၀၂၀) ခုနှစ်၊ နိုဝင်ဘာ(၂၀)ရက် ကနေ(၂၂)ရက်ထိ (၃)ရက်တိုင် နီပေါနိုင်ငံ ကတ္တပန်နုနဲ့ လုမ္ဗနီမှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အစည်းအဝေး (၆)ကြိမ်မြောက်ကို ကျင်းပမယ်” ဟု သီတဂူ ဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရက မိန့်ကြားသည်။

 

နိုင်ငံတကာရှိ အသင်းဝင်နိုင်ငံပေါင်း (၁၀)နိုင်ငံမှ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်(၄၆)ကျောင်းနှင့်မြန်မာ နိုင်ငံမှ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်ကိုးခုတို့ နီပေါနိုင်ငံတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။

 

“ဆရာတော်တို့(IATBU)လို့ ခေါ်တဲ့နိုင်ငံတကာ ထေရဝါဒတက္ကသိုလ်များ အသင်းကိုတည်ထော င်ခဲ့တာ (၁၂)နှစ်ရှိပါပြီ။ ပထမဆုံး ကွန်ဖရင့်ကို ပုပ္ပါးမှာစပြီး ကျင်းပခဲ့ပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာကောလိပ်နဲ့ တက္ကသိုလ် ဘယ်နှစ်ခုရှိလဲ ဘယ်သူမှမသိကြဘူး။ အခုသိရုံတင်မကဘူး တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူညီကြတယ်။ IATBU အဖွဲ့ဝင်နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ်(၁၈)ခုကနေ အခု(၄၆)ခုရှိလာပြီ။ (၁၂)နှစ်တွင်းမှာ ဖြစ်ပေါ်လာတဲ့ အင်အားတွေပါပဲ” ဟု အောက်စ်ဖို့ ဆရာတော်ဒေါက်တာ အရှင်ဓမ္မသာမိက မိန့်ကြားသည်။

 

နံနက် ၁၀  နာရီ မိနစ် ၄၀ တွင် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ရွတ်ဆို၍ အောင်မြင်စွာပြီးဆုံးခဲ့ပြီး တက်ရောက်လာကြသော ဆရာတော်များအား ဒေါက်တာဝင်းမြင့်၊ အဂမဟာသီရိသုဓမ္မသီင်္ဂီ ဒေါ်ခိုင်ခိုင်ဦးတို့က လှူဖွယ်ဝတ္ထူတို့ဖြင့် ဆက်ကပ်လှူဒါန်းသည်။

 

နီပေါနိုင်ငံတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များ အစည်းအဝေးကြီး၌ ကုလသမဂ္ဂတွင် ပြဋ္ဌာန်းထားသော အချက်(၁၇)ချက်နှင့် မြတ်ဗုဒ္ဓ မဂ္ဂင်(၈)ပါး မည်သို့ဆက်စပ်မှုရှိပုံနှင့်မည်သို့ ကူညီနိုင်မှုကို အဆိုပါ အစည်းအဝေးကြီးတွင် ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာ၊ နီပေါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာစသည့်(၁၀)နိုင်ငံမှ ထေရဝါဒ တက္ကသိုလ်များ၏ ပါမောက္ခ ဆရာတော်များက တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ -သန်းစိုး 

 

e IMG_2019